ဝန်ကြီးချုပ် ဟွန်ဆန်ခရီးစဉ် အကျိုးရှိမည်မဟုတ်ဟု CRPH ပြော
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ ဇန္နဝါရီလ ၇ ရက်။
အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ ကမ္ဘောဒီးယား ဝန်ကြီးချုပ်နှင့် အာဏာသိမ်း စစ်ခေါင်းဆောင်တို့ တွေ့ဆုံဆွေးနွေးမှု များသည် မြန်မာနိုင်ငံပြည်သူများအတွက် အကျိုးမရှိဘဲ မြန်မာပြည်သူများကို စိတ်ဆိုးဒေါသထွက်စေမည်ဟု ပြည်ထောင်စုလွတ်တော်ကိုယ်စားပြုကော်မတီ CRPH က ဇန္နဝါရီလ ၇ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ကြေညာ လိုက်သည်။
ယင်းထုတ်ပြန်ကြေညာချက်တွင် လူသတ်အကြမ်းဖက် စစ်ခေါင်းများ လူအသိုင်းအဝိုင်းမှ ဖယ်ကျဉ်ရန်နှင့် မြန်မာ နိုင်ငံသားများအပေါ် လူမဆန်သောအကြမ်းဖက်မှုများနှင့် လူသားမျိုးနွယ်ပေါ် ကျူးလွန်သည့် ရာဇဝတ်မှု ကျူး လွန်သူများနှင့်တွေ့ဆုံဆွေးနွေးခြင်းသည်လည်း မြန်မာပြည်သူများအတွက် အကျိုးမရှိနိုင်ဟု ထည့်သွင်းဖော်ပြ ထား သည်။
အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌ ကမ္ဘောဒီးယား ဝန်ကြီးချူပ် အနေဖြင့် မြန်မာပြည်သူများ၏ ဆန္ဒသဘောထားနှင့် ဒီမိုကရေစီအတွက် ကြိုးပမ်းအားထုတ်မူကို လေးစားလိုက်နာရန် အထူးတိုက်တွန်းကြောင်း CRPH ထုတ်ပြန် ချက်တွင် ထည့်သွင်းဖေါ်ပြထားသည်။
ဟွန်ဆန်၏ နိုင်ငံရေး သမိုင်းကြောင်းကို ကြည့်လျှင်လည်း ၎င်းသည် ပြည်သူများအပေါ် ဖိနှိပ်အုပ်ချုပ်နေသူဖြစ်ပြီး ကမ္ဘောဒီးယားပြည်အတွက်လည်း ကောင်းကျိုးလုပ်ဆောင်သူ မဟုတ်ကြောင်း နိုင်ငံရေးအကဲခတ် တစ်ဦး က ပြောသည်။
ဟွန်ဆန်သည် အာဆီယံ ၁၀ နိုင်ငံကို ကျော်လွန်ပြီး ရောက်လာခြင်းဖြစ်ကြောင်း မြန်မာ့အရေးကို ဖြောင့်မတ် တည်ကြည်စွာဆောင်ရွက်လျှင် လက်ခံနိုင်သည်ဟု နိုင်ငံရေးအကဲခတ်တစ်ဦး က ပြောသည်။
“ဟွန်ဆန်လိုလူမျိုးက မြန်မာအရေးကို လာဆွေးနွေးတာ အားပေးအားမြှောက် ပုလင်းတူဗူးစွပ်ပေါ့။ သူနိုင်ငံကို သာလုပ်လို့ရမယ်။ မြန်မာ့အရေးကတော့ ဘယ်လိုပဲ အမျိုးမျိုးလုပ်လုပ် ခရီးမပေါက်ဘူးလို့ထင်တယ်” ဟု ပြော သည်။
ဟွန်ဆန်သည် တရုတ်ကခိုင်းသည့်အတွက် လာရောက်ခြင်းဖြစ်နိုင်ပြီး တရုတ်သဘောမထားဘဲ မည်သည့် အကြောင်းအရာမှ လုပ်ရဲမည်ဟု မထင်ကြောင်း တောင်ဒဂုံမြို့မှ အသက် ၆၃ နှစ်အရွယ် အမျိုးသားတစ်ဦးက မှတ်ချက်ပြု ပြောဆိုသည်။
“အခု အရေးက ဒီမိုကရေစီနဲ့ အာဏာရှင် အားပြိုင်နေတဲ့အတွက် အာဏာရှင် အချင်းချင်း ဆွေးနွေးတာ ဘာမှ ကောင်းဖို့မရှိဘူး” ဟု ၎င်းကပြောသည်။
ပြည်သူများအနေဖြင့် ဝန်ကြီးချုပ်ဟွန်ဆွန်ရောက်လာသည့် အတွက် စစ်တပ်ဆန့်ကျင်ရေး ဆန္ဒပြမူများကို မြို့နယ်၊ တိုင်း ဒေသကြီး နေရာအနှံ့တွင် ပြုလုပ်လျှက်ရှိသည်။
အဆိုပါဆွေးနွေးမူအပေါ် CRPH က မြန်မာနိုင်ငံ၏ အရေးကိစ္စရပ်များနှင့် စပ်လျဉ်း၍ မြန်မာပြည်သူလူထုက ဆန္ဒ မဲပေး ရွေးချယ်ထားသည့် ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ အမျိုးသားညီညွှတ်ရေး အစိုးရတို့ အပါအဝင် တရားဝင်အဖွဲ့အစည်းများနှင့်သာ ပူးပေါင်းဆောင်ရွက်ရန် ထပ်မံတိုက်တွန်းကြောင်း ထုတ်ပြန်ထား သည်။
၂၀၂၂ ခုနှစ် အတွက် အာဆီယံအလှည့်ကျ ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားသည့် ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန် သည် မြန်မာနိုင်ငံသို့ ဇန်နဝါရီလ ၇ ရက်နေ့နှင့် ၈ ရက်နေ့ နှစ်ရက်ကြာ လာရောက်ခြင်း ဖြစ်သည်။