အမှိုက်ပုံအတွင်းမှ အထုပ်ကို ဖွင့်မိရာ အမှိုက်ကောက်သူ တစ်ဦး သေဆုံး
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ ဇန္နဝါရီလ ၈ ရက်။
ဒဂုံမြို့သစ်အရှေ့ပိုင်းရှိ စည်ပင် အမှိုက် ပုံးအနီး ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့သဖြင့် အမှိုက်ကောက်သူ တစ်ဦး သေဆုံးပြီး တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။
ဇန္နဝါရီလ ၈ ရက်နေ့ (ယနေ့)၊ နံနက် ၇ နာရီဝန်းကျင်အချိန်က ကျန်စစ်သားလမ်း၊ ၁၀၈ ရပ်ကွက်ဘက်က အမှိုက်ပုံးအနီး ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်ဟု ဗုံးပေါက် ကွဲမှု ဖြစ်စဉ်အနီးနေထိုင်သူ အချို့က ပြောသည်။
“အမှိုက်ကောက်တဲ့သူတွေ အမှိုက်ပုံးထဲက အထုပ်ကိုဖွင့်လိုက်တဲ့ အချိန်မှာကွဲတာ။ တစ်ယောက်ကတော့ ပွဲချင်း ပြီး သေသွားတယ်။ နောက်တစ်ယောက်က ဒဏ်ရာပြင်းတယ်။ သူတို့က သားအဖတွေလို့လည်း ပြောနေကြ တယ်။ သေတာက သားလို့ ပြောတယ်” ဟု အဆိုပါမြို့နယ်၊ ၁၃ ရပ်ကွက်အတွင်း နေထိုင်သည့် အသက် ၄၀ အရွယ် အမျိုးသားတစ်ဦးက ပြောသည်။
ဗုံးပေါက်ကွဲမှုကြောင့် သေဆုံးသူနှင့် ဒဏ်ရာရရှိခဲ့သူ ၂ ဦးစလုံးကို လူနာတင်ယာဉ်ဖြင့် ခေါ်သွားပြီး တပ်မတော် ဆေးရုံသို့ ပို့ဆောင်ထားသည်ဟု သိရသည်။
“ဗုံးသံက တော်တော်ကျယ်တယ်။ ကျနော်တို့ဆီက တောင်ကြားရတယ်။ အွန်လိုင်းပေါ်မှာ တွေ့တာတော့ တစ် ယောက်က လက်ပြတ်သွားတယ်လို့ ဖတ်လိုက်ရတယ်” ဟု မြောက်ဒဂုံမြို့နယ်အတွင်းနေထိုင်သည့် အသက် ၃၀ ကျော် အရွယ် အမျိုးသားတစ်ဦးက ပြောသည်။
ပြည်သူ့ကာကွယ်ရေးတပ်များ အနေဖြင့် ရန်ကုန်တိုင်းအတွင်း ပြုလုပ်မည့် စစ်ဆင်ရေးများတွင် အမှိုက်ကောက် သမားများနှင့် ရပ်ကြည့်သူများကို မသင်္ကာဖွယ်ရှိသည့် မည်သည့်အရာကိုမှ မကိုင်ကြရန်နှင့် ပေါက်ကွဲမူ ဖြစ်ပွား ရာ နေရာအနီး ရပ်ကြည့်မနေကြရန် အကြိမ်ကြိမ် မေတ္တာရပ်ခံ သတိပေးထားသည်။
ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလအတွင်းက မှော်ဘီဈေးရှေ့တွင် ဖြစ်ပွားခဲ့သည့် ဗုံးပေါက်ကွဲမှုတွင် အသက် ၁၃ နှစ်အရွယ် အမှိုက်ကောက်သူတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ဖူးသည်။
ထို့အတူ လှိုင်သာယာမြို့နယ်အတွင်း ပြုလုပ်ခဲ့သည့် စစ်ဆင်ရေးတစ်ခုတွင် အမှိုက်ကောက်သူများက ဗုံးအား တွေ့ရှိပြီး စစ်ကောင်စီကို အကြောင်းကြားခဲ့သဖြင့် အခြားမိုင်း ၄ လုံးကို ပြည်သူများနှင့် ဝေးရာတွင် ဖောက်ခွဲ ခဲ့ရ ပြီး စစ်ဆင်ရေးဖျက်သိမ်းခဲ့ရဖူးသည်ဟု PDF အဖွဲ့တစ်ဖွဲ့က ထုတ်ဖော်ပြောဆိုခဲ့ ဖူးသည်။