ညီဖြစ်သူ အသတ်ခံရမည်ကို မသိသဖြင့် အကိုဖြစ်သူ အုပ်ချုပ်ရေးမှူးကို စစ်ကောင်စီက ပါးရိုက်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ ဇန္နဝါရီလ ၈ ရက်။

ဧရာဝတီတိုင်း ဇလွန်တွင် ဒလန်ဟု လူသိများသော ညီဖြစ်သူ ပစ်သတ်ခံရသဖြင့် စစ်ကောင်စီ အရာရှိတစ်ဦးက အကိုဖြစ်သူ ကျေးရွာအုပ်ချုပ်ရေးမှူးအား ပါးရိုက်ခဲ့သည်ဟု ဒေသခံများက ပြောသည်။

ဇန္နဝါရီလ ၇ ရက်နေ့၊ ည ၈နာရီ ဝန်းကျင်အချိန်ခန့်က ဇလွန်မြို့နာ်၊ ကော့ကပ်တိုက်နယ်၊ မဟာသလက် ကျေးရွာ နေ စစ်ကောင်စီ သတင်းပေး ဦးအေးထွန်း ပစ်သတ်ခံရသည့် ကိစ္စနှင့်ပါတ်သက်၍ ၎င်း၏ အကိုအရင်း ဖြစ်သူ စစ်ကောင်စီခန့် ကျေးရွာအုပ်ချုပ်ရေးမှူးကို စစ်ဗိုလ်က ပါးရိုက် ကြိမ်းမောင်းဆဲဆိုကာ စစ်ဆေးခဲ့သည်ဟု သိရ သည်။

“အုပ်ကြီးက သတ်တဲ့သူကို မသိဘူးပြောမိလို့။ ခင်ဗျားရှိနေတာ ဒီလိုဖြစ်ရလားဆိုပြီး အများရှေ့မှာ ပါးကို ဘယ်ပြန် ညာပြန် ရိုက်တာ” ဟု မျက်မြင်တွေ့ရှိသည့် ဒေသခံတစ်ဦး ကပြောသည်။

ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ စည်းရုံးရေးမှူး အသက် ၄၅ နှစ်အရွယ် ပစ်သတ်ခံရသူ ဦးအေး ထွန်းသည် ယခင်က လောင်းကစား ဒိုင်များထံမှ ရဲတပ်ဖွဲ့အတွက် လိုင်းကြေး တောင်းပေးရသည့် ရဲသတင်းပေး တစ်ဦး ဖြစ်သည်ဟု ဒေသခံများက ပြောသည်။

ထို့နောက် စစ်တပ်က အာဏာသိမ်းပြီးနောက် လက်ရှိအချိန်တွင် ရဲတပ်ဖွဲ့အပြင် စစ်တပ်ကိုပါ သတင်းပေးနေသူ ဒလန်တစ်ဦး ဖြစ်လာပြီး ကျေးရွာထဲတွင် ခြိမ်းခြောက် ငွေတောင်းနေသူ တစ်ဦးလည်း ဖြစ်သည်ဟု ဆိုသည်။

ဦးအေးထွန်းသည် ၎င်း၏ နေအိမ်အား ခဲဖြင့် အပစ်ခံရ၍ အားလုံးကို သိမ်းကျုံးဆဲဆိုနေစဥ် အမည်မသိသူအချို့ ဆိုင်ကယ်ဖြင့် ရောက်ရှိလာပြီးနောက် ပစ်သတ်သွားခြင်း ဖြစ်သည်ဟု ဦးအေးထွန်း၏ မိသားစုနှင့် နီးစပ်သူ အချို့ က ပြောသည်။

မိသားစုနှင့် နီးစပ်သူ တစ်ဦးက “ကိုအေးထွန်းက အိမ်ရှေ့ ထွက်ပြီး ဆဲနေတုန်း ပစ်သတ်ခံရတာ။ တစ်ချက်ထဲနဲ့ ပွဲချင်းပြီးတယ်။ မှောင်နေတော့ ဘယ်သူဘယ်ဝါတွေက ပစ်တာလည်း မသိနိုင်ဘူးပေါ့” ဟု ပြောသည်။

စစ်ကောင်စီ တပ်ဖွဲ့ဝင်များက ကျေးရွာချင်းဆက်နေသည့် လမ်းများကို ပိတ်ဆို့ စစ်ဆေးနေပြီး မသက်ဆိုင်သူ များအား ဖမ်းဆီး ရိုက်နှက်မည်ကို စိုးရိမ်နေကြသည်ဟု ဒေသခံများက ဆိုသည်။

ဇန္နဝါရီလ ၃ ရက်နေ့၊ ညပိုင်းက ဇလွန်မြို့နယ် လျှပ်စစ်မီတာရုံး ဗုံးဖောက်ခွဲခံရမှုနှင့် ပါတ်သက်၍ ထိုညက EPC ရုံးအနီး အရက်ဆိုင်မှ ပြန်လာသူ ၂ ဦးကို စစ်ကောင်စီတပ်ဖွဲ့က ရိုက်နှက် ဖမ်းဆီးထားပြီး ယနေ့အချိန်ထိ ပြန် မလွှတ်ပေးသေးဘူးဟု သိရသည်။