စစ်ကောင်စီ တပ်များ မိုင်းဆွဲ တိုက်ခိုက်ခံရပြီး နေအိမ်များကို မီးရှို့
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ ဇန္နဝါရီလ ၉ ရက်။
စစ်ကောင်စီ တပ်ဖွဲ့များက ပုလောမြို့နယ်အတွင်း မိုင်းဆွဲ တိုက်ခိုက်ခံရပြီးနောက် နေအိမ် ၅ လုံးကို မီးတင်ရှို့ခဲ့သည်ဟု ပုလော ဒေသခံ ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့ PDF က ပြောသည်။
တနင်္သာရီတိုင်း၊ ပုလောမြို့နယ် အတွင်းရှိ ပဝတ်ဖျားကျေးရွာနှင့် ကဗျာကျေးရွာများသို့ လက်နက်ကြီးပစ်အား သုံး၍ ထိုးလာသည့် စစ်ကောင်စီတပ် စစ်ကြောင်းသည် မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရခြင်း ဖြစ်သည်။
ခလရ ၂၈၅ တပ်ရင်းသည် အင်အား ၂၀၀ ခန့်ဖြင့် ဇန္နဝါရီလ ၈ ရက်နေ့၊ ညနေပိုင်းတွင်KNU ထိန်းချုပ်ထားရာ နယ် မြေအတွင်းရှိ PDF များရှိရာသို့ စစ်ကြောင်း နှစ်ကြောင်းခွဲကာ ဝင်ရောက်လာခဲ့သည်။ ထိုစစ်ကြောင်းများကို ပုလော PDF က မိုင်း နှစ်ကြိမ်ဆွဲ တိုက်ခိုက်ခဲ့သည်ဟု ပုလော PDF က ပြောသည်။
“သူတို့က ည ၇နာရီ မိနစ် ၄၀ လောက်မှာ လက်နက်ကြီးတွေနဲ့ စပစ်တယ်။ လက်နက်ငယ်တွေနဲ့လည်း ပစ်တယ်။ အပြန်အလှန်ပစ်ကြတာပေါ့။ ည ၉ နာရီ ၄၅ မိနစ်လောက်မှာ ပစ်ခတ်တာရပ်ပြီး ပြန်ဆုတ်သွားတယ်။ အချိန် ၂ နာ ရီ လောက်ကြာတာပေါ့” ဟု ပုလောဒေသခံ PDF တပ်ဖွဲ့ ပြန်ကြားရေးတာဝန်ရှိသူက ပြောသည်။
ပဝတ်ဖျားကျေးရွာနှင့် ကဗျာကျေးရွာအနီးတွင် မိုင်းနှစ်ကြိမ်ဆွဲ တိုက်ခိုက်ခံရမှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၄ ဦး သေဆုံးပြီး၊ အယောက် ၂၀ ကျော်ခန့် ထိခိုက်ဒဏ်ရာရရှိသည်ဟု ဆက်ပြောသည်။
သို့သော် PDF နှင့် PRDF ပူးပေါင်းတပ်ဖွဲ့ဝင်များဘက်က ကျဆုံးသူနှင့် ထိခိုက်ဒဏ်ရာရရှိသူ မရှိဟု ယမန်နေ့ည တိုက်ပွဲတွင်ပါဝင်ခဲ့သည့် PDF တပ်ဖွဲ့ဝင်တစ်ဦး က ပြောသည်။
“သူတို့ဘက်က ၄ ယောက်သေတဲ့ အထဲမှာ တပ်ခွဲမှူး အဆင့်ရှိသူပါတယ်။ ဆေးရုံကားနဲ့ သယ်ဆောင်သွားလို့ သိရ တယ်။ အဲ့သတင်းကို စိစစ်နေတုန်းပဲ” ဟု ပြောသည်။
တိုက်ပွဲဖြစ်ပွားပြီး နောက်ပိုင်းတွင် စစ်ကောင်စီတပ်များသည် ပဝတ်ဖျားကျေးရွာ အတွင်းဝင်ရောက်၍ သေနတ် များဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့ပြီး ည ၁၀ နာရီအချိန်ခန့်တွင် လူနေအိမ် ၃ လုံး၊ နံနက် ၂ နာရီ အချိန်ခန့်တွင် နေအိမ် ၂ လုံး မီးတင်ရှို့ခဲ့ရာ နေအိမ်များအားလုံး ပြာကျသွားခဲ့သည်ဟု ရွာသားများက အတည်ပြု ပြောသည်။
လက်ရှိတွင် ပဝတ်ဖျားကျေးရွာအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် အနည်းငယ်ကျန်ရှိနေကာ အထိနာသွားသည့် ကျန် စစ်ကောင်စီတပ်ဖွဲ့ဝင်များမှာမှု ပြန်ဆုတ်ခွာသွားသည် ဟု သိရသည်။