ဝါးခယ်မ မြို့မရဲစခန်း တိုက်ခိုက်ခံရပြီးနောက် မြို့ခံ ၈ ဦးကို ဖမ်းဆီး

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ ဇန္နဝါရီလ ၉ ရက်။

ဧရာဝတီတိုင်း၊ ဝါးခယ်မမြို့ရှိ မြို့မရဲစခန်း တိုက်ခိုက်ခံရပြီးနောက် မြို့ခံ ၈ ဦးကို စစ် ကောင်စီတပ်ဖွဲ့က ဖမ်းဆီးသွားသည်။

စာရေးကုန်း ရပ်ကွက်မှ ဦးဒီဇင်ဘာ၊ ရေကျော် ရပ်ကွက်မှ ဦးပြုံးချို၊ မင်းပိုင်း ရပ်ကွက်မှ ဦးနောင်နောင်၊ သံကြိုး တိုင် ရပ်ကွက်မှ ဦးကျော်ကြီးတို့ အပါအဝင် မြို့ခံ ၈ ဦး ဇန္နဝါရီလ ၈ ရက်နေ့ (ယမန်နေ့)က ဖမ်းဆီးခံ လိုက်ရ ခြင်းဖြစ်သည် ဟု ဒေသခံများက ပြောသည်။

အဖမ်းခံရသူများ၏ မိသားစုဝင်တစ်ဦးက “အိမ်ထဲ ခြံထဲ ရှာတယ်။ ဘာမှတော့ သိမ်းသွားတာ မရှိဘူး။ ရှာနေ ချိန်မှာ ရဲတွေကထဲ ဓာတ်ပုံ ရိုက်တာတော့ ရှိတယ်” ဟု ပြောသည်။

အဖမ်းခံရသူ အားလုံးမှာ အသက် ၄၀ နှင့် ၄၅ နှစ် အကြား လူလတ်ပိုင်းများ ဖြစ်ပြီး မြို့မရဲစခန်းကို တိုက်ခိုက်ခံရ သည့် ညပိုင်း နှင့် နောက်ရက် နံနက်ပိုင်းတို့တွင် ဖမ်းဆီးခံရခြင်း ဖြစ်သည်ဟု ဝါးခယ်မမြို့ခံ ဦးဂျီးပိုး က ပြော သည်။

ဇန္နဝါရီလ ၇ ရက်နေ့ ညက ဝါးခယ်မ မြို့မရဲစခန်းတွင် တန်းစီ လူစစ်နေချိန် စခန်းရှေ့သို့ အမည်မသိ သူအချို့ ဆိုင်ကယ်ဖြင့် ရောက်ရှိလာပြီး သေနတ်၊ လက်ပစ်ဗုံးတို့ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်ဟု ရဲစခန်း နှင့် နီးစပ်သူ အချို့၏ ပြောပြချက်အရ သိရသည်။

ပစ်ခတ် တိုက်ခိုက်သူများ ဆိုင်ကယ်မောင်း ထွက်သွားသည့် စာရေးကုန်းရပ်ကွက် နှင့် သံကြိုးတိုင် ရပ်ကွက် ဘက်သို့ ရဲများလိုက်သွားပြီးနောက် သေနတ်သံများ ထပ်ကြားရသည်ဟုလည်း ဒေသခံများက ဆိုသည်။

ထို့အပြင် “မပေါက်သေးတဲ့ လက်လုပ်ဗုံး ၂ လုံးကို ရဲစခန်းရှေ့မှာ ရှာတွေ့တယ်” ဟု ရဲစခန်းနှင့် နီးစပ်သူ တစ်ဦး က ပြောသည်။

ဧရာဝတီတိုင်းအတွင်း ဒီဇင်ဘာလဆန်းမှ ဇန္နဝါရီလ ပထမ အပါတ်အတွင်း ရခိုင်ရိုးမတောင်စွယ် နှင့် တဆက် စပ်တည်း ရှိသည့် ပုသိမ်၊ သာပေါင်း၊ ငပုတော၊ ချောင်းသာ၊ ငရုတ်ကောင်း၊ ငွေဆောင်၊ ရွှေသောင်ယံ၊ တော တောင်တို့တွင် စစ်ကောင်စီတပ်က စစ်ကြောင်းများ ထိုးနေကြသည်ဟုလည်း ဒေသခံများက ပြောသည်။

ထိုအချိန် မြို့ပြတွင် ရဲစခန်း၊ ရဲကင်းများ ဗုံးခွဲ ပစ်ခတ် တိုက်ခိုက်ခံရခြင်း၊ Mytel ဖုန်းတာဝါတိုင် ဗုံးခွဲဖျက်ဆီး ခံရခြင်း၊ ဌာနဆိုင်ရာရုံး အချို့ အနီး ဗုံးခွဲခံရခြင်း နှင့် စစ်ကောင်စီသတင်းပေး (ဒလန်)များ သုတ်သင်ခံနေရခြင်း များ ခပ်စိပ်စိပ်ဖြစ်ပွားနေပြီး မသင်္ကာ၍ ဖမ်းဆီးခံရသူလည်း အများအပြား ရှိနေသည်။