PDF ဟု ဆိုကာ ဖမ်းဆီးပြီး မိဘများ၏ နေအိမ်များကို ချိပ်ပိတ်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ ဇန္နဝါရီလ ၁၁ ရက်။
ဧရာဝတီတိုင်း၊ မြောင်းမြမြို့တွင် PDF ဟု ဆိုကာ ဖမ်းဆီးခံထားရသူ နှစ်ဦး၏ နေအိမ် နှစ်လုံးကို စစ်ကောင်စီက ချိပ်ပိတ်လိုက်သည်ဟု မြို့ခံများက ပြောသည်။
ဇန္နဝါရီလ ၈ ရက်နေ့ နှင့် ၉ ရက်နေ့တွင် စစ်ကောင်စီက မြောင်းမြမြို့ ဘုရားချောင်းရပ်ကွက်မှ အိမ်တစ်လုံး နှင့် ဒက္ခိဏကုန်း ဘုရားအနီးရှိ အိမ်တစ်လုံး တို့ကို စစ်တပ်၊ ရဲ နှင့် အရပ်ဝတ်များ ဝတ်ထားသည့် စစ်ကောင်စီ တပ်ဖွဲ့ဝင်များ ရောက်ရှိလာပြီး ချိပ်ပိတ်သွားခြင်း ဖြစ်သည်ဟု ဒေသခံများက ပြောသည်။
ဖြစ်စဉ်နှင့် ပတ်သက်၍ မျက်မြင်တွေ့သူ တစ်ဦးက “စစ်ကား ၂စီး၊ ရဲကား ၁ စီးရယ် ဆိုင်ကယ်တွေနဲ့ရယ် လာကြ တာ။ အိမ်သားတွေ ခင်မျာ ပိရိဘောဂတွေကို ယူခွင့် မရကြဘူး။ ချက်ခြင်း လက်လွတ် ကိုယ်လွတ် ဆင်းပေးကြရတာ” ဟု ပြောသည်။
၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၈ ရက်နေ့တွင် ဖြစ်ပွားခဲ့သည့် မြောင်းမြမြို့ အထွေထွေအုပ်ချုပ်ရေးမှူး ဗုံးပေါက်ကွဲမှုနှင့် ပတ်သက်၍ ဖမ်းဆီးခံထားရသည့် ဘုရားချောင်းရပ်ကွက်နေ အသက် ၂၀ အရွယ် လူငယ်တစ်ဦးနှင့် ဒက္ခိဏကုန်း ဘုရားအနီးတွင် နေထိုင်သူ အသက် ၄၀ အရွယ် လူလတ်ပိုင်း တစ်ဦးတို့၏ မိဘ၊ ဘိုးဘွားပိုင်အိမ်များကို စစ်ကောင်စီက ချိပ်ပိတ်လိုက်ခြင်း ဖြစ်သည်။
ချိပ်ပိတ်ခံရသည့် အိမ်များမှာ မိဘများ ပိုင်ဆိုင်သည့်အိမ် ဖြစ်သော်လည်း ဖမ်းဆီးခံထားရသည့်သူ နှစ်ဦး က ထိုအိမ်တို့တွင် မိသားစု နှင့် အတူ နေထိုင်သူများဖြစ်၍ လာရောက် ချိပ်ပိတ်ရခြင်းဖြစ်သည်ဟု ရပ်ကွက်အုပ်ချုပ်ရေး အဖွဲ့ဝင် တစ်ဦးက ပြောသည်။
အဆိုပါ အမျိုးသားနှစ်ဦးကို ဗုံးပေါက်ကွဲမှုနှင့် ပတ်သက်၍ ဆက်စပ်သူ၊ PDF ဟု စွပ်စွဲကာ စစ်ကောင်စီ ဖမ်းဆီး ထားသည်။
မြို့ခံတစ်ဦးက “ဒီဇင်ဘာလ ၈ ရက်နေ့ က မြောင်းမြ ထွေအုပ်ရုံးရှေ့ ဗုံးပေါက်ကွဲပြီးနောက်ပိုင်း အဖမ်းခံကြ ရ တာ” ဟု ပြောသည်။
ဧရာဝတီတိုင်းအတွင်း စစ်ကောင်စီ၏ နိုင်ငံရေး ပုဒ်မအမျိုးမျိုးဖြင့် တပ်ကာ ဖမ်းဆီးခံထားသူများ သာမက ဖမ်း ဆီးရန် ဝရမ်းထုတ်ခံထားခြင်း ရသူများ၏ နေအိမ်များ၊ ဆိုင်များ၊ အခမဲ့ပညာဒါနကျောင်းများ၊ ဆေးခန်းများ၊ ပရဟိတရုံးများ၊ ခြံများနှင့် မြေယာများကို ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလမှ စတင်ကာ ချိပ်ပိတ် သိမ်းဆည်းမှုများ လုပ် ဆောင် လျှက်ရှိသည်။