ပျူစောထီးခေါင်းဆောင် အုပ်ကြီးတစ်ဦး ပစ်သတ်ခံရ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ ဇန္နဝါရီလ ၁၂ ရက်။
လောင်းလုံမြို့နယ်အတွင်း အုပ်ချုပ်ရေးမှူးနှင့် ပျူစောထီးအဖွဲ့ခေါင်းဆောင် ကြက်တိုက်လောင်းကစားဝိုင်းအနီး ပစ်သတ်ခံလိုက်ရသည်ဟု ရွာသားများက ပြောသည်။
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်အတွင်းရှိ ကျောက်ဆင်ကျေးရွာအုပ်စုအတွင်းက အုပ်ချုပ်ရေးမှူးဦးလေးလေးကို ဇန္နဝါရီလ ၁၁ ရက်နေ့ မွန်းလွှဲပိုင်း ၃ နာရီဝန်းကျင်အချိန်ခန့်တွင် ကမ်းပနီရွာ ဘောလုံးကွင်း ကြက်တိုက်လောင်းကစားဝိုင်းအနီးတွင် သေနတ်ဖြင့် ပစ်သတ်သွားခြင်း ဖြစ်သည်။
“သေနတ်သံ စကြားတာနဲ့ ကြောက်ပြီးပုန်းနေရတယ်။ ၁၀ ချက်ကျော်လောက် ပစ်သံ ကြားရပြီး အသံတိတ် သွားချိန်မှာ ဦးလေးလေး ရင်ဘတ်ကို ထိထားတယ်လို့ အော်သံ ကြားရတယ်။ ဆေးရုံကို အချိန်မှီပို့လိုက်ပေမယ့် သေသွားပြီ” ဟု ကြက်တိုက်ဝိုင်း အနီးရှိနေသူ အသက် ၄၀ ခန့် အရွယ် ရွာသားတစ်ဦးက ပြောသည်။
အုပ်ချုပ်ရေးမှူး ဦးလေးလေးနှင့် ဒေသအတွင်းရှိ လက်နက်ကိုင် ပျူစောထီးအဖွဲ့ဝင်များ ကြက်တိုက်လောင်း ကစားဝိုင်းအနီးရောက်လာစဉ် အမည်မသိ အဖွဲ့တစ်ဖွဲ့နှင့် အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
သေနတ်ပစ်ခံရသူ ဦးလေးလေးသည် ကျောက်ဆင်၊ သဘော့ဆိပ်၊ ပြင်ကြီး၊ ကရင်ကြီး၊ ကမ်းပနီ စသည့် ကျေး ရွာ ၅ ရွာ ၏ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး တစ်ဦး ဖြစ်ပြီး ပျူစောထီးအဖွဲ့ ခေါင်းဆောင် တာဝန်ယူထားသူ လည်း ဖြစ်သည်ဟု သိရသည်။
အုပ်ချုပ်ရေးမှူး ဦးလေးလေးသည် ကိုယ်တိုင် လက်နက်ကိုင်ဆောင်ပြီး သွားလာနေသူ တစ်ဦးဖြစ်သည်။
ထို့အပြင် ကျေးရွာအုပ်စုအတွင်းရှိ ရေလုပ်ငန်း လှေပိုင်ရှင်များထံမှ လှေဝင်လှေထွက်များအတွက် ငွေကောက်ခံ ခြင်း၊ လောင်းကစားဝိုင်းများ ထောင်ခြင်းနှင့် ကျေးရွာသားများထံ ခေါင်းစဉ် အမျိုးမျိုးတပ်ကာ အခွန်အခများ ကောက်ခံလျက်ရှိသည်ဟု ဒေသခံရွာသားများ က ဆိုသည်။
အုပ်ချုပ်ရေးမှူး ဦးလေးလေးသည် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ အမာခံတစ်ဦးဖြစ်ကာ ၂၀၂၀ ရွေးကောက်ပွဲ မဲဆွယ် စည်းရုံးရေး ခရီးစဉ်များကို လောင်းလုံးမြို့နယ်အတွင်း ဦးဆောင်ခဲ့သူတစ်ဦး ဖြစ်သည် ဟု သိရသည်။
ကမ်းပနီကျေးရွာသည် ကျောက်ဆင်ကျေးရွာ အုပ်စုအတွင်း တည်ရှိပြီး မောင်းမကန်-မျှော်ရစ်သွားသည့် ကား လမ်းမပေါ် တွင် တည်ရှိသည်။