ကျောင်းကုန်းမှ သတင်းပေးဆိုသူ နှစ်ဦး စစ်တပ်အတွင်း ပုန်းခို
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ ဇန္နဝါရီလ ၁၄ ရက်။
ဧရာဝတီတိုင်း၊ ကျောင်းကုန်းမြို့တွင် PDF လူငယ် ၂ ဦးအား ရိုက်နှက် ဝိုင်းဖမ်းရာတွင် ဦးဆောင် လှုံ့ဆော်ခဲ့သည့် တပ်ထောက်ခံသူက ပုသိမ်မြို့ရှိ နတခ တပ်နယ်အတွင်း ရှောင်ပုန်းနေသည်ဟု သိရသည်။
လူငယ်နှစ်ဦး ဖမ်းဆီးရာတွင် ဦးဆောင် လှုံ့ဆော်ခဲ့သည့် တပ်ထောက်ခံသူ ဒေါ်ခင်လပြည့်ဝန်းသည် ပုသိမ်မြို့ရှိ အနောက်တောင်တိုင်း စစ်ဌာနချုပ် (နတခ) တပ်နယ်အတွင်း ရှောင်ပုန်းနေသည်ဟု စစ်ကောင်စီရုံး အသိုင်းအဝိုင်း ထံမှ သိရသည်။
စစ်ကောင်စီရုံး ဝန်ထမ်းတစ်ဦးက “ဂုဏ်ပြုပွဲ အပြီးမှာ သူ့တို့က အကာအကွယ် မရှိဘူး ဆိုလို့ တိုင်းမှူးက စီစဥ် ပေးတာ။ ဦးသီဟဇော်ကတော့ ကျောင်းကုန်းမှာ တပ်စွဲထားတဲ့ စစ်တပ်နဲ့ တွဲနေတယ်” ဟု ပြောသည်။
ဇန္နဝါရီလ ၁၀ ရက်နေ့ ညက ကျောင်းမြို့အဝင် လမ်းဆုံအနီးရှိ ဒို့အမျိုးသား လျှပ်စစ်ပစ္စည်း အရောင်းဆိုင်အား လက်လုပ်ဗုံးဖြင့် ပစ်ခတ်ခံခဲ့ရကာ စျေးဝယ်နေသူ ၃ ဦး ဒဏ်ရာ အနည်းငယ်စီ ရရှိခဲ့သည့် ဖြစ်စဉ်လည်း ဖြစ်ပွားခဲ့ သည်ဟု သိရသည်။
အဆိုပါ ကိစ္ဧနှင့် ပါတ်သက်၍ ဓနုဖြူမြို့နယ်မှ အသက် ၂၃ နှစ်အရွယ် CDM ကျောင်းဆရာ ကိုသီဟအောင်နှင့် အသက် ၂၄ နှစ်အရွယ် ကိုလေးကိုထွဋ်တို့ကို စစ်ကောင်စီက ဝိုင်းဖမ်းပြီး ရိုက်နှက်ခံထားရသည့် ပုံများအား စစ်တပ်ထောက်ခံသူများက ၎င်းတို့၏ လူမှုကွန်ယက် စာမျက်နှာတို့တွင် ဖြန့်ဝေခဲ့သည်။
ဇန္နဝါရီလ ၁၁ ရက်နေ့က ကျောင်းကုန်းမြို့ နယ် ထွေ/အုပ်ရုံး အစည်းအဝေးခန်းမတွင် PDF လူငယ်နှစ်ဦး အား ဝိုင်းဖမ်းပေးသည့် ဦးဆောင်သူ ၎င်းတို့ ၂ ဦးနှင့် ဆပ်ကွင်းကျေးရွာနေ ၎င်းတို့၏ ဆွေမျိုးများ၊ ကြံ့ခိုင်ရေးပါတီ ဝင်များကို ကျပ်သိန်း ၃၀ နှင့် စားသောက်ကုန်များ ထောက်ပံ့ ဂုဏ်ပြုခဲ့သည်ဟု စစ်ကောင်စီက သတင်းထုတ် ပြန်ထားသည်။ အဆိုပါ သတင်းမှာလည်း လူမှု ကွန်ရက်တွင် ပြန့်နှံ့လျက်ရှိသည်။
PDF လူငယ် ၂ ဦးအား ရိုက်နှက် ဖမ်းဆီးရာတွင် ဦးဆောင်သူများဖြစ်သည့် စစ်ကောင်စီခန့် အမှတ် ၄ ရပ်ကွက် အုပ်ချုပ်ရေးမှူး ပျူစောထီး ခေါင်းဆောင် သီဟဇော် နှင့် ခင်လပြည့်ဝန်းတို့က ၎င်းတို့အား ကာကွယ်ပေးရန် စစ်ကောင်စီထံ အကူအညီ တောင်းခံခဲ့သည်ဟု သိရသည်။
ကျောင်းကုန်းမြို့ အဝင်ဂိတ်အနီးရှိ “ဒို့အမျိုးသား” လျှပ်စစ်ပစ္စည်း အရောင်းဆိုင်ပိုင်ရှင်လည်းဖြစ်သည့် အသက် ၅၀ ကျော်ခန့်ရှိ ဦးသီဟဇော်နှင့် ကျောင်းကုန်းမြို့ သစ်စိမ့်ကုန်းကျေးရွာမှ အသက် ၄၂ နှစ် အရွယ် ဒေါ်ခင်လှပြည့် ဝန်းတို့သည် ကြံ့ခိုင်ရေး ပါတီဝင်များဖြစ်ပြီး စစ်ကောင်စီ၏ အမာခံသတင်းပေးများဖြစ်သည်ဟု ဒေသခံ အချို့က ပြောသည်။
ကျောင်းကုန်းမြို့ခံ ကိုမောင်မောင်က “ဆပ်ကွင်းက လူတွေ အကုန်လုံးထွက်ရိုက်တာ မဟုတ်ဘူး။ အဲဒီရွာ ပတ် ဝန်းကျင်မှာ သီဟဇော် နဲ့ ဆွေရိပ်မျိုးရိပ် မကင်းတဲ့ ကောင်တွေက ဝိုင်းရိုက်ဖမ်းတာ” ဟု ပြောသည်။
ပြီးခဲ့သည့် ၂၀၁၉ ခုနှစ် မဟာသင်္ကြန် အကြိုနေ့က ကျောင်းကုန်းမြို့တွင် ဖြေဖျော်ရန်လာရောက်သည့် “ဒေါင်းတို့ မျိုးဆက်” ကျောင်းသားသမဂ္ဂ သင်္ကြန် သံချပ်အဖွဲ့ယာဥ်ကို မြို့အဝင်ဂိတ်တွင် သီဟဇော်၊ ခင်လပြည့်ဝန်းတို့က တားဆီး ခြိမ်းခြောက်မှုများ လုပ်ဆောင်ခဲ့ဘူးသည်ဟု သိရသည်။
ကျောင်းကုန်းမြို့ အဝင်ဂိတ် အနီးရှိ ဆပ်ကွင်း ကျေးရွာမှနေ၍ သီဟဇော်၊ ဖိုးခွားလေး၊ ခင်လပြည့်ဝန်းတို့ ဦး ဆောင်ကာ ဒုတ်၊ ဓား လက်နက်များ ကိုင်ဆောင်ထားသည့် လူတစ်ရာခန့်ဖြင့် “ဒေါင်းတို့ မျိုးဆက်” ကျောင်းသား မဂ္ဂ၏ သင်္ကြန်ယာဉ်ကို ခြိမ်းခြောက်အကြမ်းဖက် တားဆီးခဲ့သည့် ဖြစ်စဉ် ရှိခဲ့သည်ဟု ကျောင်းကုန်း မြို့ခံများ ၏ ပြောပြချက်များအရ သိရသည်။