တော်လှန်ရေး ပျက်မှာပဲ လို့ ဇာဂနာ ပြောတယ်လို့ သတင်းမှားဖြန့်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ ဇန္နဝါရီလ ၁၄ ရက်။

ဗိုလ်လုပ်ချင်တဲ့သူများတဲ့ အပြင် စစ်တပ်ကို အဖက်ဖက်က မယှဉ်နိုင်တဲ့ အတွက် တော်လှန်ရေးဟာ ပျက်မှာပဲ ဆိုပြီး ဇာဂနာ ပြောဆိုထားတဲ့ ပုံစံနဲ့ ရေးသားထားတဲ့ သတင်းပို့စ် တစ်ခုကို နီပိန်းငှက် နီပိန်းငှက် ဆိုတဲ့ Facebook အကောင့် ပိုင်ရှင်က ဇန္နဝါရီလ ၃ ရက်နေ့က တင်ထားတာကို တွေ့ရပါတယ်။

နီပိန်းငှက် နီပိန်းငှက် ဆိုသူက ဇာဂနာရဲ့ ဓာတ်ပုံပေါ်မှာ စာရေးထားတာဖြစ်ပြီး အဲဒီဓာတ်ပုံထဲမှာ ဆိုရင် မင်းတို့ တော်လှန်ရေးက ပျက်မှာပဲ တစ်အချက် ဗိုလ်လုပ်ချင်တဲ့သူ များတယ်။ နှစ်အချက် အလှူခံစားတဲ့သူတွေ ချမ်း သာနေကြပြီ။ သုံးအချက် စစ်တပ်ကို အဖက်ဖက်က မယှဉ်နိုင်ဘူး” လို့ ( မူရင်းအရေးအသားအတိုင်း) ဇာဂနာ ပြောဆိုထား သယောင် ရေးသားထားတာကို တွေ့ရပါတယ်။

ဒီရေးသားမှုတွေဟာ သတင်းအမှား တစ်ခုသာ ဖြစ်ပါတယ်။

ဘာဖြစ်လို့လဲဆိုတော့ ဇာဂနာဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် အောက်တိုဘာလ ၁၈ ရက်နေ့က ထောင်ကနေ ပြန်လွတ် လာတာ ဖြစ်ပေမယ့် သတင်း မီဒီယာတွေနဲ့လည်း နိုင်ငံရေးနဲ့ ပတ်သက်ပြီး အင်တာဗျူးဖြေဆိုထားတာကို ဒီနေ့ အချိန်အထိ မတွေ့ရသေးသလို  လူမှုကွန်ရက် စာမျက်နှာတွေမှာလည်း နီပိန်းငှက် နီပိန်းငှက် ဆိုသူက ရေးထား သလိုမျိုး သူ့ဖက်က ရေးတင်ထားတာကိုလည်း မတွေ့ရပါဘူး။ ဇာဂနာရဲ့ Facebook အကောင့်ကလည်း အခု အချိန်မှာ Deleted လုပ်ထားတာကို တွေ့ရပါတယ်။

Deleted လုပ်ထားတဲ့ မောင်သူရ(ဇာဂနာ) ရဲ့ အကောင့် https://www.facebook.com/uthura.zarganar.5  

ဇာဂနာလို နာမည်ကြီးနေတဲ့ အနုပညာရှင်၊ နိုင်ငံရေး သမားတစ်ယောက်က အဲ့လိုပြောဆိုရေးသားခဲ့မယ်ဆိုရင် အခုအချိန်မှာ သတင်းဌာန တော်တော်များများကလည်း သူ့ရဲ့ ပြောဆိုချက်ကို ကိုးကားပြီး သတင်းရေးသားကြ မှာဖြစ်ပေမယ့် ဘယ်သတင်းဌာနကမှ အခုအချိန်အထိ သတင်းရေးသားထားတာကို မတွေ့ရပါဘူး။ ဒါကြောင့် ဒီရေးသားမှုတွေဟာ ဇာဂနာက ပြောဆိုထားတာ မဟုတ်ဘူးဆိုတာကို သိနိုင်ပါတယ်။

ဒါကြောင့် အချက်အလက် အားလုံးကို ခြုံကြည့်လိုက်တဲ့အခါမှာ နီပိန်းငှက် နီပိန်းငှက် ဆိုတဲ့ အကောင့်ပိုင်ရှင်ရဲ့ ရေးသားမှုတွေဟာ စစ်အာဏာရှင်ကို ဆန့်ကျင်တော်လှန်နေတဲ့ လူထုတွေနဲ့ လူငယ်တွေရဲ့ စိတ်ပိုင်းဆိုင်ရာ ထိ ခိုက် ကျဆင်းအောင် ဝါဒဖြန့်ဖို့အတွက် ရည်ရွယ်ချက်ရှိရှိ ဖန်တီးရေးသားထားတဲ့ သတင်းအမှားဖြစ်တယ်ဆို တာကို စိစစ်တွေ့ရှိရပါတယ်။

နီပိန်းငှက် နီပိန်းငှက် ဆိုသူ တင်ထားတဲ့ သတင်းအမှားကို တပ်မတော်ထောက်ခံသူ အသိုင်းအဝိုင်းတွေရဲ့ Facebook Group တွေမှာ တော်တော်များများ ထပ်ဆင့်မျှဝေနေကြပြီး ကြိုက်နှစ်သက်တာ၊ သဘောထား မှတ်ချက်ပေးတာတွေကိုလည်း တွေ့ရပါတယ်။

သတင်းအမှား ဖြန့်ဝေသူတွေ အနေနဲ့ စစ်အာဏာရှင်ကို တော်လှန်ဆန့်ကျင်နေတဲ့ သူတွေကို စိတ်ဓာတ်ကျသွား အောင်၊ တွေဝေသွားအောင်၊ ကြောက်လန့်အောင် မဟုတ်မမှန် သတင်းစကားတွေကို  ရည်ရွယ်ချက်ရှိ ရှိ ဝါဒဖြန့် ရေးသား ဖြန့်ဝေနေတာကို တွေ့ရှိရပါတယ်။

လက်ရှိကာလမှာ သတင်းအမှားဖြန့်ဝေသူတွေဟာ သတင်းတု/ သတင်းမှားတွေကို သူတို့ကြိုက်သလို ဖန်တီး ရေးသားပြီးတော့ လူမှုကွန်ရက် အစုံကို‌ အသုံးပြုကာ ဖြန့်ဝေနေတာကို တွေ့ရပါတယ်။

ဒါကြောင့် လူမှုကွန်ရက်တွေကနေ သတင်းတွေကို ဖတ်ပြီး/ကြည့်ပြီး ဖြန့်ဝေတော့မယ်၊ တဆင့်ပြန်ပြီး ပြောပြ တော့မယ်ဆိုရင် အမှန်တကယ် ယုံကြည်စိတ်ချရတဲ့ သတင်းဌာနတွေနဲ့ သေချာ တိုက်စစ်ပြီးမှ ထပ်ဆင့်ဖြန့်ဝေ ဖို့ လိုပါတယ်။