မတ္တရာတွင် အိမ်သုံးလုံး မီးရှို့ခံရ၊ မီးရှို့ရာတွင် လမ်းပြသူများကို အိမ်သားများက ပြန်သတ်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ ဇန္နဝါရီလ ၁၄ ရက်။
မန္တလေးတိုင်း၊ မတ္တရာမြို့နယ်အတွင်း စစ်ကောင်စီတပ်သားများက နေအိမ်သုံးလုံးကို မီးရှို့ ဖျက်ဆီးသွားပြီးနောက် စစ်ကောင်စီ သတင်းပေး ဒလန်သုံးဦး အသတ်ခံခဲ့ရသည်ဟု ဒေသခံများက ပြော သည်။
ဇန္နဝါရီလ ၁၃ ရက်နေ့(ယနေ့)၊ နံနက်အစောပိုင်း ၂ နာရီ အချိန် က စစ်ကောင်စီ တပ်သားများက ကောက်ရိုးပုံ ကျေးရွာက ရွာသားများ၏ နေအိမ်သုံးလုံးကို မီးရှို့ဖျက်ဆီးခဲ့ပြီး နံနက် ၄ နာရီ အချိန်ခန့်တွင် ပြန်သွားကြသည်ဟု သိရသည်။
“မနက်အစောပိုင်း ကတည်းက ရွာထဲကို သေနတ်တွေ ဖောက်ပြီး ဝင်လာကြတာ။ ဒလန်တွေကြောင့် အေးအေး ဆေးဆေးကို မနေရဘူး။ အမြဲတမ်း ပြေးလွှားနေရတာ” ဟု ကောက်ရိုးပုံကျေးရွာက ရွာခံ အသက် ၅၀ နှစ် အရွယ် အမျိုးသမီးတစ်ဦးက ပြောသည်။
ကောက်ရိုးပုံကျေးရွာမှ နေအိမ် ၃ အိမ် မီးရှို့ရာတွင် လိုက်လံလမ်းပြခဲ့သည့် စစ်ကောင်စီ သတင်းပေး ဒလန် သုံး ဦး ကိုလည်း မီးရှို့ခံရသည့် အိမ်သားများက ပြန်သတ်ခဲ့သည်ဟု ရွာခံတစ်ဦးက ပြောသည်။
အသတ်ခံရသူ စစ်ကောင်စီသတင်းပေး ဒလန် သုံးဦးမှာ ဦးရာဝင်း၊ ကိုဇော်ဝင်းနှင့် ဦးသန်းဆောင် တို့ဖြစ်သည် ဟု သိရသည်။
ကောက်ရိုးပုံကျေးရွာသည် ဧရာဝတီ မြစ်ဘေးတွင်တည်ရှိပြီး ဒီမိုကရေစီရေး တတ်ကြွလှုပ်ရှားသူများ ရှိသည်ဟု ဒလန်သတင်းပေးမှုများကြောင့် စစ်သားများက မကြာခဏ ကျေးရွာအတွင်း လာရောက်ကာ ရွာသားများကို စစ်ဆေး မေးမြန်းမှုများ လုပ်ဆောင်နေသည်ဟု ရွာသားများက ပြောသည်။