ကျောင်းကုန်းတွင် လူ ၆ ဦး ဖမ်းဆီးခံရ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ ဇန္နဝါရီလ ၁၄ ရက်။
ဧရာဝတီတိုင်း၊ ကျောင်းကုန်းမြို့နယ် အတွင်း စစ်ကောင်စီတပ်က အမျိုးသမီး နှစ်ဦး အပါအဝင် စုစုပေါင်း ၆ ဦးကို ဖမ်းဆီးကာ နေအိမ်တစ်လုံးကို ချိပ်ပိတ်သွားသည်ဟု ဒေသခံများက ပြောသည်။
ဇန္နဝါရီလ ၁၂ ရက်နေ့က ကျောင်းမြို့နယ် ကျုံတနီးကျေးရွာက ဦးမိုးသဲ၏ နေအိမ်ကို ချိပ်ပိတ်ကာ ဦးမိုးသဲ နှင့် ကျုံးတနီးကျေးရွာသား တစ်ဦးတို့ကို စစ်ကောင်စီတပ်က ဖမ်းဆီးသွားခဲ့သည်။
ထို့အပြင် ကျောင်းကုန်း မြို့မရပ်ကွက်က အမျိုးသမီး တစ်ဦး၊ အင်းမကျေးရွာ မေတ္တာရိပ် လက်ဖက်ရည်ဆိုင်က သားအဖ နှစ်ဦး၊ အင်းမကျေးရွာက အမျိုးသမီး တစ်ဦးတို့ ဖမ်းဆီးခံရသည်ဟု ဒေသခံများ က ပြောသည်။
“အင်းမရွာမှာ ယောက်ကျား ဖြစ်သူကို မတွေ့လို့ မယား ဖြစ်သူကို ဖမ်းတာ။ NUG, PDF တွေနဲ့ ပါတ်သက် တယ် ဆိုပြီး ဖမ်းတာ” ဟု ဒေသခံတစ်ဦး ကပြောသည်။
အဖမ်းခံသူများ အနက် အချို့မှာ NLD ပါတီဝင် များဖြစ်ပြီး အချို့မှာ ပါတီကို ဝန်းရံသူများဖြစ်ကြောင်း၊ ဒလန် စစ်ကောင်စီ သတင်းပေးများ၏ မဟုတ်မမှန် သတင်းပေးမှုများကြောင့် အကြောင်းမဲ့ ဖမ်းဆီးခံရသူများလည်း ပါဝင်နိုင်သည်ဟု ဒေသခံများက ပြောသည်။
ကျောင်းကုန်းမြို့ခံ တစ်ဦးက “မြို့မရပ်ကွက်တွေမှာတော့ တပ်ထောက်ခံသူက နည်းပါတယ်။ အများစုကတော့ ရွာတွေမှာရှိတာပါ။ မဘသ အဖွဲ့ဝင် တွေပေါ့” ဟု ပြောသည်။
စစ်ကောင်စီ၏ အကြီးစား ဒလန် ဟု နာမည်ထွက်နေသည့် ကျောင်းကုန်းမြို့ အမှတ် ၄ ရပ်ကွက်၏ စစ်ကောင်စီ ခန့် အုပ်ချုပ်ရေးမှူး၊ ပျူစောထီး အဖွဲ့ ခေါင်းဆောင် သီဟဇော်၏ ဒို့ အမျိုးသား လျှပ်စစ် ပစ္စည်းဆိုင်အား လက် လုပ်ဗုံးဖြင့် ပစ်ပေါက်တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီက သံသယရှိသူများကို လိုက်လံဖမ်းဆီးနေခြင်း ဖြစ် သည်။
ဇန္နဝါရီလ ၁၀ ရက်နေ့ညက ဖြစ်ပွားခဲ့သည့် ဒို့အမျိုးသား လျှပ်စစ် ပစ္စည်းဆိုင်အား လက်လုပ်ဗုံးဖြင့် ပစ်ပေါက် တိုက်ခိုက် ခံရမှုတွင် ဈေးဝယ်လာ ၃ ဦးဒဏ်ရာ အနည်းငယ်စီ ရရှိကာ ဗုံးဖြင့်ပစ်ပေါက်သူ နှစ်ဦးကို လက်နက် နှင့် အတူ ဖမ်းဆီးရမိခဲ့သည် ဟု စစ်ကောင်စီက သတင်းထုတ်ပြန်ထားသည်။
ကျောင်းကုန်းမြို့ နှင့် ပုသိမ်မြို့တို့တွင်ပြုလုပ်သည့် တပ်ထောက်ခံပွဲများတွင် ဆပ်ကွင်း၊ ကျားချောင်း၊ မိုးပြာ၊ ဝက် ချောင်း၊ မိုးမခ၊ မီးသွေးတိုက် စသည့် ကျေးရွာများက ပြည်ခိုင်ဖြိုး ပါတီဝင် အချို့ပါဝင်သည်ဟု ဒေသခံများ က ဆိုသည်။