ရေဖြူတွင် ပြည်ခိုင်ဖြိုးအဖွဲ့ဝင် တစ်ဦး ပစ်သတ်ခံရ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ ဇန္နဝါရီလ ၁၄ ရက်။

ထားဝယ်ခရိုင် ရေဖြူမြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ ဝင်၊ စစ်ကောင်စီသတင်းပေး ဒလန်ဟု နာမည်ကြီးနေသူတစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံလိုက်ရသည်ဟု ဒေသခံ ရွာသားများက ပြောသည်။

ဇန္နဝါရီလ ၁၂ ရက်နေ့၊ ညနေ ၄ နာရီဝန်းကျင် အချိန်ခန့်တွင် ဆိုင်ကယ်စီးလာသည့် အသက် ၅၀ ခန့်အရွယ် ဦး ဇော် ဆိုသူ အမျိုးသားကို နဘုလယ်ဒေသ ထိန်ကြီးကျေးရွာ တံတားပေါ်တွင် သေနတ်ဖြင့် ပစ်သတ်ခံလိုက်ခြင်း ဖြစ်သည်။

“အပစ်ခံတဲ့ ဦးဇော်ကရွာထဲမှာတော့ ဒလန်လို့နာမည်ကြီးတယ်။ ရွာမှာ သူ့ကြောင့်အဖမ်းခံရတာ လူငယ်တွေ များ နေပြီ” ဟု အသက် ၃၅ နှစ် အရွယ် ထိန်ကြီးကျေးရွာသား တစ်ဦးက ပြောသည်။

အဆိုပါ ပစ်ခတ်မှုကို ရေဖြူမြို့နယ် ဒေသခံ PDF အဖွဲ့က လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်ဟု ဇန္နဝါရီလ ၁၃ ရက်နေ့ (ယနေ့) နံနက်အစောပိုင်းတွင် သတင်းထုတ်ပြန်ခဲ့သည်။

ထိုသို့ ပစ်ခတ်ခံရပြီးနောက် စစ်ကောင်စီ တပ်ဖွဲ့ဝင်များ ရောက်ရှိလာကာ ဦးဇော်၏ အလောင်းကို စစ်ဆေးပြီး ရေဖြူမြို့ကို သယ်ဆောင်သွားသည်ဟု ဒေသခံရွာသားများက ပြောသည်။

ဦးဇော်သည် ပြည်သူ့ဝန်ထမ်း CDM သမားများကို သတင်းပေးတိုင်ကြားခြင်း၊ စစ်တပ်နှင့်အတူ ပူးပေါင်းပြီး နိုင်ငံ ရေး တက်ကြွလှုပ်ရှားသူများကို ဖမ်းဆီးခြင်း၊ စစ်တပ်နှင့် ပေါင်း၍ တရားမဝင်လောင်းကစားဝိုင်းများ လုပ်
ဆောင်နေသည်ဟု သိရသည်။

ထို့အပြင် ပျူစောထီးများ လက်နက်တပ်ဆင်နိုင်ရန် အတွက် ငွေကြေးထောက်ပံ့နေမှုများ အပြင် နောက်ကွယ်မှ ကြိုးကိုင်နေခြင်းများ စသည့် အကြောင်းအရာများကြောင့် သုတ်သင်ရှင်းလင်းခဲ့ရခြင်း ဖြစ်သည်ဟု ရေဖြူမြို့ နယ် ဒေသခံ PDF အဖွဲ့က ထုတ်ပြန်ထားသည်။