ဗုံးသံသယဖြင့် ကျောင်းဆရာအပါအဝင် လူ ၃၀ ကို ဖမ်းဆီး၊ ကျောင်းဆရာကို ကျောင်းဝင်းထဲဝင်ဖမ်း

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ ဇန္နဝါရီလ ၁၇ ရက်။

ဧရာဝတီတိုင်း၊ ကျောင်းကုန်းမြို့တွင် လက်လုပ်ဗုံးဖြင့် တိုက်ခိုက်မှု သံသယဖြင့် ကျောင်းဆရာတဦးနှင့် အမျိုးသမီး ၄ ဦး အပါအဝင် အရပ်သား အယောက် ၃၀ကို စစ်ကောင်စီ တပ်ဖွဲ့ဝင်များက ဖမ်းဆီးထားသည်ဟု သိရသည်။

စစ်ကောင်စီ အမာခံ သတင်းပေး ပျူစောထီး ခေါင်းဆောင် သီဟဇော်၏ “ဒို့အမျိုးသားလျှပ်စစ် ပစ္စည်း အရောင်း ဆိုင်” လက်လုပ်ဗုံးဖြင့် ပစ်ပေါက်ခံရပြီးနောက် ဇန္နဝါလ ၁၂ ရက်နေ့ မှ ၁၄ ရက်နေ့အတွင်း ဖမ်းဆီးခံ ရခြင်းဖြစ် ပြီး အမျိုးသမီး ၄ ပါဝင်သည်ဟု ဒေသခံများက ပြောသည်။

ဆရာ ဦးပိုပိုအောင်ကို အမှတ် ၂ အထက်တန်း ကျောင်းတွင်း ဝင်ရောက်ဖမ်းဆီးသွားခြင်း ဖြစ်သည်။

“စစ်သားတွေ ရုတ်တရက် ရောက်လာပြီး စာသင်ခန်းထဲက စာသင်နေတဲ့ ဆရာလေးကို အတင်းဝင်ဖမ်းကြတာ။ ကလေးတွေ၊ ဆရာ၊ ဆရာမ အကုန်လုံး အထိတ်တလန့် ဖြစ်ကုန်တယ်” ဟု ကျောင်းသား မိဘ တစ်ဦး က ပြော သည်။

ကျောင်းဆရာ ဦးပိုပိုအောင်သည် စစ်တပ်က အာဏာသိမ်းယူမှု ဆန့်ကျင်ရေး CDM လှုပ်ရှားမှုတွင် အစောပိုင်းက ပါဝင်ခဲ့သော်လည်း စစ်ကောင်စီက မိဘ နှင့် မိသားစုဝင်များ အပေါ် ဖိအားပေးမှုများကြောင့် Non-CDM အဖြစ် အလုပ်ပြန်ဝင် နေသူတစ်ဦးဖြစ်ကြောင်း မိသားစုနှင့် နီးစပ်သူများက ပြောသည်။

လက်ရှိ တာဝန်ထမ်းဆောင်နေသည့် ဝန်ထမ်းတစ်ဦးအား တရားစွဲအဖွဲ့ အနေဖြင့် ဖမ်းဆီးရန် သို့မဟုတ် ခေါ် ဆောင်ရန် လိုအပ်ပါက သက်ဆိုင်ဌာန အကြီးအကဲထံ မှ ခွင့်ပြုချက် ရယူ၍ ဆောင်ရွက်ရန် လိုအပ်သည်ဟု အ ငြိမ်းစား ဥပဒေ အရာရှိတစ်ဦးက ပြောသည်။

“စစ်ဖြစ်တဲ့နေရာ ဒေသလည်းမဟုတ်ဘူး။ ကျောင်းအုပ်ကြီးဆီ ခွင့်မတောင်းဘဲ ကျောင်းဝန်းထဲကို ကျူးကျော် ဝင် ဖမ်းတာ ဥပဒေမဲ့ အကြမ်းဖက်တဲ့ လုပ်ရပ်ပါ” ဟု ဆက်ပြောသည်။

ဖမ်းဆီးခံရသူထဲတွင် ကျောင်းကုန်းမြို့၊ မြို့မရပ်ကွက် နှင့် အမှတ် ၃ ရပ်ကွက်မှ အများဆုံး ဖြစ်ပြီး အင်းမ၊ ကျုံ တနိတိုက်နယ် ကျေးရွာအုပ်စုတို့က အရပ်သားများလည်း ပါဝင်သည်ဟု ရဲတပ်ဖွဲ့နှင့်နီးစပ်သူများက ပြောသည်။
၎င်းတို့ကို မြို့မ ရဲစခန်းတွင် ချုပ်ထားသည်ဟု ရဲတပ်ဖွဲ့ နှင့် နီးစပ်သူ အချို့က ပြောသည်။

ဇန္နဝါရီလ ၁၀ ရက်နေ့ က ပျူစောထီးခေါင်းဆောင် စစ်ကောင်စီခန့် ရပ်ကွက်အုပ်ချုပ်ရေးမှူး သီဟဇော်၏ “ဒို့ အမျိုးသား လျှပ်စစ် ပစ္စည်းဆိုင်” လက်လုပ်ဗုံးဖြင့် ပစ်ပေါက်ခံရသည်။

ယင်းဗုံးပေါက်ကွဲမှုနှင့် ပါတ်သက်၍ ပြည်ခိုင်ဖြိုးပါတီမှ တပ်ထောက်ခံသူ အမာခံ သတင်းပေး သစ်စိမ့်ကုန်း ကျေးရွာတွင် နေထိုင်သူ ခင်လပြည်ဝန်း ၏ လှုံဆော်မှုဖြင့် ဓနုဖြူမြို့နယ်က အသက် ၂၃ နှစ် အရွယ်ရှိ CDM ကျောင်း ဆရာ ကိုသီဟအောင်နှင့် အသက် ၂၄ နှစ်အရွယ် ကိုလေးကိုထွဋ် တို့ကိုလည်း စစ်ကောင်စီက ဝိုင်းဖမ်း ကာ ရိုက်နှက်ထားသည့် ပုံများ လူမှုကွန်ယက် စာမျက်နှာများတွင် ပြန့်နှံခဲ့သည်။