တနင်္သာရီတွင် Mytel ဖုန်းတာဝါတိုင်အား PDF အဖွဲ့က မီးရှို့ဖျက်ဆီး

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ ဇန္နဝါရီလ ၁၇ ရက်။

တနင်္သာရီမြို့အနီးရှိ Mytel ဖုန်းတာဝါတိုင်အား ဒေသ ခံ ဘက်မလိုက်ပြောက်ကျား PDF အဖွဲ့က မီးရှို့ဖျက်ဆီးလိုက်သည်ဟု ထုတ်ပြန်ကြေညာသည်။

ဇန္နဝါရီလ ၁၆ ရက်နေ့၊ နေ့လည် ၁၂ နာရီခွဲ အချိန်ခန့်တွင် ဘန်လောကျေးရွာအုပ်စု ဘန်လောအနောက်ကမ်း ကျေးရွာရှိ အဆိုပါ ဖုန်းတာဝါတိုင်ကို မီးရှို့ဖျက်စီးခဲ့ကြပြီး တိုင် အောက်ခြေရှိ စက်များ မီးလောင်ပျက်စီးသွားသည်ဟု ရွာသားများက ပြောသည်။

“တိုင်က ဘာမှမဖြစ်သွားဘူး၊ တိုင်အောက်မှာရှိတဲ့ စက်တွေ မီးလောင်သွားတော့ အခုဖုန်းပြောလို့မရတော့ဘူး။ လိုင်းလဲသုံးမရတော့ဘူး” ဟု အသက် ၃၅ နှစ်အရွယ် ရွာသားတစ်ဦးက ပြောသည်။

ဘန်လောကျေးရွာသည် တနင်္သာရီမြို့နှင့် လေးမိုင်ခန့်ကွာဝေးပြီး တနင်္သာရီ မြစ်ကမ်းဘေးတွင် တည်ရှိကာ ဘန် လောအရှေ့ကမ်းနှင့် ဘန်လောအနောက်ကမ်းဟူ၍ ရွာနှစ်ရွာရှိသည်။

ယခုမီးရှို့ဖျက်ဆီးခံရသည့် တာဝါတိုင်သည် ဘန်လောအနောက်ကမ်းတွင် တည်ရှိသည့် Mytel ဖုန်းတာဝါတိုင် ဖြစ် သည် ဟု သိရသည်။

ယခုနှစ် ဇန္နဝါရီလအတွင်း၌ပင် တနင်္သာရီမြို့နယ်တွင် သရဘွင်ကျေးရွာ၊ တကူ၊ ဝမ်းနာ၊ အင်းရှည်ကုန်း စသည့် ကျေးရွာများက Mytel ဖုန်းတာဝါတိုင်များ ဖျက်ဆီးခြင်းများ ခံခဲ့ရသေးသည်။

အဆိုပါ Mytel ဖုန်းတာဝါတိုင်များကိုလည်း ဒေသခံ ဘက်မလိုက်ပျောက်ကျား PDF တပ်ဖွဲ့ဝင်များကပင် မီးရှို့ ဖျက်ဆီးခဲ့ခြင်းသည်ဟု ထုတ်ပြန်ထားသည်။