ဦးတေဇကုမ္ပဏီပိုင် ဓါတ်ဆီဆိုင် မီးရှို့ခံရ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ ဇန္နဝါရီလ ၁၇ ရက်။

အလုံမြို့နယ်၊ ထော်လီကွေ့မှတ်တိုင် အနီးရှိ ဦးတေဇပိုင် ထူးဓာတ်ဆီဆိုင်ကို ဇန္နဝါရီလ ၁၆ ရက်နေ့၊ နံနက် ၄ နာရီ အချိန်ခန့်က ဓါတ်ဆီလောင်းမီးရှို့ကာ ဗုံးနှစ်လုံးဖြင့် ဖောက်ခွဲခဲ့သည်ဟု Special Task Agency of Burma – STA အဖွဲ့က ပြောသည်။

ယင်းဓါတ်ဆီဆိုင် တိုက်ခိုက်မည့် စီမံချက်ကို အနီးဝန်းကျင်ရှိ ပြည်သူများ ထိခိုက်မှု အနည်းဆုံးဖြစ်စေရေး အတွက် အစီအစဉ်များ သေချာချမှတ်ပြီး ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်ဟု STA အဖွဲ့က၏ ထုတ်ပြန်ချက်ထဲတွင် ထည့်သွင်းဖော်ပြထားသည်။

“အိပ်ယာထဲကနေ ပေါက်ကွဲသံ ၂ ချက် အုန်းကနဲ့ဆိုပြီး ကြားလိုက်ရတယ်။ ပြီးတော့ မီးသတ်ကားသံတွေ ကြား ရတယ်။ ဘယ်မှာမှန်းတော့မသိဘူး။ မိုးလင်းမှ ထူးဓာတ်ဆီဆိုင်မှန်းသိတာ” ဟု အလုံသစ်တောလမ်းတွင် နေ ထိုင်သည့် အသက် ၃၀ အရွယ် အမျိုးသားတစ်ဦးက ပြောသည်။

မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ကလည်း အဆိုပါ ဓာတ်ဆီဆိုင် မီးလောင်မှုကို နံနက် ၄ နာရီခွဲ အချိန်တွင် မီးငြိမ်းသတ် နိုင်ခဲ့ကြောင်းနှင့် Level 1 အဆင့်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

STA အဖွဲ့၏ ထုတ်ပြန်ချက်အရ စစ်ကောင်စီနှင့် အတူ လက်ပါးစေများနှင့် တကွ စစ်အုပ်စု၏ ထောက်တိုင် လုပ် ငန်းများကို ဆက်လက် ရှင်းလင်းသွားမည်ဖြစ်ကြောင်း ထပ်မံသတိပေးသည်ဟု ၎င်းအဖွဲ့၏ ထုတ်ပြန်ချက်ထဲ တွင် ထည့်သွင်းရေးသားဖော်ပြထားသည်။

ပြီးခဲ့သည့် ဇန္နဝါရီလ ၁၃ ရက်နေ့ ကလည်း အလုံမြို့နယ်၊ သခင်မြပန်းခြံဘေးရှိ အေးနေဝင်း မိသားစုပိုင် YBS-56 ယာဉ်လိုင်းအား STA အဖွဲ့က အဝေးထိန်းမိုင်း ၂ လုံးဖြင့် ဖောက်ခွဲခဲ့သေးသည်။