စစ်/ရဲ သတင်းပေးဆိုသူ ဘိလိယက်ခုံ အပြင်ဘက်တွင် ပစ်သတ်ခံရ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ ဇန္နဝါရီလ ၁၇ ရက်။

ဧရာ၀တီတိုင်း၊ ကြံခင်းမြို့နယ်က စစ်ကောင်စီ သတင်းပေးဟု နာမည်ထွက်နေသည့် ဆယ်အိမ်စု မှူး တစ်ဦး ပစ်သတ်ခံလိုက်ရသည်။

ဇန္နဝါရီလ ၁၅ ရက်နေ့၊ ည ၉ နာရီကျော်ဝန်းကျင် က ခုံကြီးကျေးရွာမှ ဆယ်အိမ်စုမှူး အသက် ၅၀ အရွယ်၊ စမြင့် သိန်း ဆိုသူသည် ပစ်သတ်ခံလိုက်ရခြင်း ဖြစ်သည်။

“ဘီလီယက်ခုံရဲ့ အပြင်ဘက်မှာ အပစ်ခံရတာ။ သေနတ်နဲ့ ၄ ချက်လောက် အပစ်ခံရတာ။ ပွဲချင်းပြီးပဲ သေနတ် သံတွေ တိတ်သွားတော့ ဆိုင်ကယ်မောင်းထွက်သွားတဲ့ အသံကြားရတယ်” ဟု ဘီလီယက်ကစားဝိုင်း အနီး ရှိနေခဲ့ သူ တစ်ဦးက ပြောသည်။

ခုံကြီးကျေးရွာ၏ တစ်ဘက်ကမ်းတွင် ရှိသည့် စမြင့်သိန်းသည် ၎င်းပိုင်ဆိုင်သည့် ဘီလီယက်ခုံ ကစားဝိုင်းတွင် ပစ်သတ်ခံရခြင်း ဖြစ်သည်ဟု ဒေသခံများက ပြောသည်။

စမြင့်သိန်းသည် ၂၀၁၀ ခုနှစ်မတိုင်ခင် စစ်အစိုးရ လက်ထက်က ဆယ်အိမ်မှူးဖြစ်ခဲ့ဘူးပြီး ရဲသတင်းပေး တစ်ဦး လည်းဖြစ်ခဲ့သည်ဟု ဒေသခံများ၏ ပြောပြချက်အရ သိရသည်။

၂၀၂၁ ခုနှစ်တွင် စစ်တပ်က အာဏာသိမ်းပြီးနောက် စစ်ကောင်စီခန့် ဆယ်အိမ်စုမှူး ဖြစ်လာပြီး စစ်တပ်နှင့် ရဲတပ် ဖွဲ့ကို သတင်းပေးသူ ထပ်မံ ဖြစ်လာကာ ၎င်း၏ ရွာ၌သာမက ရွာနီးချုပ်စပ် မှ ဒေသခံများနှင့်လည်း ဆက်ဆံရေး အဆင်မပြေဟု ဆိုသည်။

“ရဲ နဲ့ စစ်တပ် သတင်းပေးဆိုတော့ သူ့ကို လူမုန်းများတယ်။ အခုလည်း သူ့ကြောင့် အကြောင်းမဲ့ အဖမ်းခံရ သူ တွေ ရှိတယ်” ဟု ဒေသခံတစ်ဦး ကပြောသည်။

ခုံကြီးကျေးရွာ၌ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ဦးလှမင်းအား ဒီဇင်ဘာလအတွင်းက မြှားဖြင့် ပစ်ခတ်ခဲ့ရ၍ ဒဏ်ရာရရှိခဲ့ကာ ဆေးကုသမှု ခံယူခဲ့ရပြီး ယခု သေနတ်ဖြင့် ပစ်သတ်မှုမှာ ဒုတိယမြောက် ပစ်ခတ်ခံရခြင်း ဖြစ်သည်ဟု စုံစမ်း သိရှိရသည်။