ရခိုင်ရိုးမအတွင်း နေထိုင်သူများကို နှင်ထုတ်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ ဇန္နဝါရီလ ၁၇ ရက်။
ပုသိမ်-မုံရွာလမ်း အနောက်ဖက် ဧရာဝတီတိုင်း အတွင်းရှိ ဒေသအခေါ် အနောက်ရိုးမ (ရခိုင်ရိုးမ) ၏ တော တောင်များ အတွင်း နေထိုင်သူများကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက နှင်ထုတ်နေသည်ဟု သိရသည်။
တောတောင်များ အတွင်း ကျောက်ထုတ်၊ ဝါးခုတ်၊ သစ်ခုတ်၊ မီးသွေးဖုတ်၊ အမဲလိုက်၊ ငါးရှာ ဖားရှာ၊ သစ်ဥ သစ် ဖု ရှာဖွေ လုပ်ကိုင်နေသူများအား ၎င်းတို့၏ ယာယီတဲအိမ်များကို ဖျက်သိမ်း၍ ထွက်ခွာရန် ဇန္နဝါရီလ ဒုတိယ အပါတ်မှ စတင်ကာ နှင်ထုတ်နေခြင်း ဖြစ်သည်ဟု ဒေသခံများက ပြောသည်။
“တောတောင်တွေထဲက တဲတွေမှာ မနေဖို့ စစ်ကြောင်းနဲ့တွေ့ရင် ပစ်သတ်မယ်လို့ ပြောထားတယ်။ အခု တော တောင်ထဲဝင်ပြီး အလုပ်မလုပ်ရဲဘူး။ စားရေး နေရေးခက်ခဲလာတယ်” ဟု ကြံခင်းမြို့နယ်ရှိ ဒေသခံ တစ်ဦးက ပြောသည်။
စစ်ကောင်စီတပ်ဖွဲ့ဝင်များက အဆိုပါဒေသများ၏ တောတောင်များအတွင်း နယ်မြေရှင်းရေး အတွက် စစ် ကြောင်းများ ထိုးရန်ရှိသည်ဟု ဒေသခံ အုပ်ချုပ်ရေး အဖွဲ့ဝင် အချို့က ပြောသည်။
နှင်ထုတ် ခံရသူများမှာ အနောက်ရိုးမ နှင့် တစ်ဆက်စပ်တည်း ဖြစ်သည့် ကြံခင်း၊ လေးမျက်နှာ၊ ရေကြည်၊ ငသိုင်း ချောင်း၊ သာပေါင်း မြို့နယ်တို့က တောတောင်များကို အမှီပြုပြီး အသက်မွေးနေရသူ ဒေသခံများ ဖြစ်ကြသည်။
ယင်းမြို့နယ်များ၏ အနောက်ဖက်အခြမ်းသည် ရခိုင်ပြည်နယ်နှင့် ထိစပ်လျှက်ရှိပြီး ရက္ခိုင့်တပ်တော် ULA/AA နှင့် စစ်ကောင်စီတပ်တို့အကြား စစ်ရေး နိုင်ငံရေး တင်းမာလာနေသည့် နေရာများ ဖြစ်သည့်အပြင် အဆိုပါ တော တောင်များ အတွင်း PDF များရှိနေသည်ဟုလည်း စစ်ကောင်စီက သံသယရှိနေသည်ဟု နိုင်ငံရေး အကျဥ်းသား ဟောင်း ဦးအောင်အောင် က ပြောသည်။
“စစ်ကောင်စီက နယ်မြေစိုးမိုးနိုင်ဖို့ လုပ်နေတာ တောထဲမှာ ကင်းပုန်းတွေ ချထားတယ်။ အရပ်ဝတ်တွေနဲ့ စောင့် ကြည့်ကြတယ်။ မုဆိုးလိုလို သစ်ခုတ် ဝါးခုတ်လိုလို လုပ်ပြီး PDF စခန်းတွေကိုရှာနေတယ်” နိုင်ငံရေး အကျဥ်း သားဟောင်း ဦးအောင်အောင် က ပြောသည်။
ထို့အပြင် ပုသိမ် လေတပ် စခန်း ဌာနချုပ်မှ စစ်လေယာဥ်များကလည်း နေ့စဥ် ၄ ကြိမ်ခန့် ထက်မနည်း အတက် အဆင်း ပျံသန်းမှုရှိနေသည်ဟု ပုသိမ်မြို့ခံများက ပြောသည်။
ဒီဇင်ဘာလ အတွင်းက ပုသိမ်မြို့နယ် ရခိုင်ရိုးမ တောင်စွယ်ရှိ ချောင်းသာ သစ်တော ကြိုးဝိုင်းအတွင်း နေထိုင် သူ များနှင့် ယင်းတောတောင်များအတွင်း အလုပ်လုပ်ကိုင်နေသူများကို စစ်ကောင်စီတပ်က နှင်ထုတ်ခဲ့ ကြောင်း သိရသည်။
ဓါတ်ပုံ – အနောက်ရိုးမ သာပေါင်းဒေ အပိုင်း အတွင်း စစ်ကောင်စီတပ် ဖွဲ့အား တွေ့ရစဉ်