စစ်ရှောင်စခန်းကို လေယာဉ်ဖြင့်တိုက်၊ စစ်ရှောင် ကလေး ၂ ဦးအပါအဝင် ၃ ဦးသေဆုံး
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ ဇန္နဝါရီလ ၁၈ ရက်။
လူအစုလိုက်အပြုံလိုက် အရှင်လတ်လတ်မီးရှို့သတ်ဖြတ်ခံလိုက်ရသည့် ကရင်နီပြည်နယ်၊ မိုဆိုကျေးရွာက ရွာ သားများ စစ်ဘေးတိမ်းရှောင်နေသည့် ယာယီစစ်ရှောင်စခန်းနေရာအား စစ်ကောင်စီတပ်က လေယာဉ်နှင့် ဗုံးကြဲ ခဲ့သည့်အတွက် ကလေးငယ်နှစ်ဦးအပါအဝင် စစ်ရှောင်သုံးဦး ပွဲချင်းပြီး သေဆုံးသွားခဲ့သည်။
ဇန္နဝါရီလ ၁၇ ရက်နေ့ (ယနေ့) နံနက်အစောပိုင်း ၁ နာရီကျော်အချိန်ခန့်က စစ်ကောင်စီက ဖရူဆိုမြို့နယ်အတွင်း လေယာဉ်နှစ်စီးဖြင့် ဗုံးကြဲခဲ့ရာ စစ်ရှောင်ပြည်သူ ၃ ဦးသေဆုံးပြီး စစ်ရှောင်များလည်း ထပ်မံထွက်ပြေး နေရ သည်ဟု စစ်ရှောင်များအား အကူအညီပေးနေသူများက ပြောသည်။
“ဒီမနက် ၁ နာရီလောက်က တစ်နာရီနဲ့ တစ်နာရီ ၁၀ မိနစ်ကြားထဲမှာ စစ်ရှောင်စခန်းတစ်နေရာမှာ လေယာဉ်နဲ့ သူတို့ ဗုံးလာကြဲတယ်။ လာကြဲတာက နှစ်နေရာတော့ ကြဲတယ်။ တစ်နေရာကို နှစ်လုံးစီကြဲ သွားတယ်။ နှစ်လုံး စီ ကြဲထဲအထဲမှာမှ စစ်ရှောင်စခန်းတစ်ခုက လူကမနေတဲ့ လာနေဖို့ အဆင်သင့်ဖြစ်အောင် ပြင်ဆင်ထားတဲ့ Camp တစ်ခုရှိတယ်။ အဲ့မှာက လူမရှိလို့ လူထိခိုက်တာတော့ မရှိဘူး။ ဒီဘက်ကတော့ လူဦးရေ ၈၀ လောက် ရှိမယ်။ အဲ့ဒီ Camp မှာက ဗုံးနှစ်လုံးကြဲသွားတော့ ဗုံးမှန်ပြီး လူသုံးယောက်ပွဲချင်းပြီး သေသွားတယ်” ဟု ဖရူဆို မြို့နယ် အနောက်ဘက်ခြမ်း စစ်ဘေးရှောင် ကူညီစောင့်ရှောက်ရေးကော်မတီက တာဝန်ရှိသူတစ်ဦးက ပြော သည်။
ဖရူဆိုမြို့နယ် အနောက်ဘက်ခြမ်း တကြောတွင် စစ်ရှောင်နေကြသာ့် ယာယီစစ်ရှောင်စခန်းနေရာ တစ်ခုကို စစ် ကောင်စီက လေယာဉ်နှင့် ဗုံးကြဲခဲ့သည့် ခရစ္စမတ်အကြိုနေ့က ဖြစ်ပွားခဲ့သည့် လူဦးရေ ၄၀ ကျော် မီးရှို့သတ် ဖြတ်ခံခဲ့ရသည့် မိုဆိုကျေးရွာက ရွာသားများထဲမှာ ကလေးငယ်နှစ်ယောက်အပါအဝင် စစ်ရှောင်အမျိုးသား တစ် ဦး လေယာဉ်ဗုံးကျည်ထိမှန်ပြီး ပွဲချင်းပြီးသေဆုံးသွားခဲ့သည်။
“သေသွားတဲ့လူတွေက အသက် ၁၂ နှစ်အရွယ်တစ်ယောက်ရယ်၊ ၁၅ နှစ်အရွယ်တစ်ယောက်ရယ်၊ ၅၂ နှစ် အရွယ် တစ်ယောက်ရယ်၊ သေသွားတဲ့ ၁၂ နှစ်နဲ့ ၁၅ နှစ်က မိန်းကလေးတွေ၊ အသက် ၅၂ နှစ်က ယောက်ကျားလေး ပေါ့။ သူတို့အသုဘကတော့ မိသားစုဝင်တွေ တောင်းဆိုတဲ့မြုပ်ပေးစေချင်တဲ့နေရာမှာ စီစဉ်ပေးပြီးတော့ လုပ် ပေးနေပါတယ်ခင်ဗျ။ တခြားထိခိုက်တာတော့ စစ်ရှောင်စခန်းက တော်တော်လေး မိုးကာနဲ့ပဲ ကာထားတော့ ကျည်စတွေ၊ မိုင်းစတွေက ထိတော့ ထိတာနဲ့ပွဲချင်းပြီးသွားတယ်။ ပျက်စီးသွားတယ်။ အုတ်နဲ့ဆိုရင်တော့ ဘာမှ မဖြစ်ဘူးထင်တယ်။”
စစ်ကောင်စီတပ်၏ လေယာဉ်နှင့် ပစ်ခတ်မှုကြောင့် အဆိုပါ ယာယီစခန်းက စစ်ရှောင်များ တောတောင်များထဲ ထပ်မံထွက်ပြေး ပုန်းရှောင်နေရသည်ဟု စစ်ရှောင်တစ်ဦးက ပြောသည်။
“သူတို့က မိုဆိုကျေးရွာကပေါ့၊ ဟိုတလောက အစုလိုက်မီးရှို့ခံရတဲ့ရွာက လူတွေပါ။ အဲ့ရွာကနေတဆင့် မီးရှို့ခံရ တဲ့နောက်ပိုင်းမှာ ကြောက်ပြီးတော့ ဒီဘက်ကို စစ်ရှောင်လာကြတာ။ စစ်ရှောင်လာပြီး Camp မှာနေ တာမှ နှစ်ပတ်လောက်ပဲ ရှိသေးတယ်။ အဲ့ဒီမှာ နှစ်ပတ်မှာမှ မထင်ထားတဲ့အခြေအနေကနေ အခုလိုဖြစ်သွားတော့ ဘယ်သွားရမှန်းမသိ၊ ဘာလုပ်ရမှန်းမသိတွေ ဖြစ်ကုန်တာပေါ့။ အခုကလည်း မနက်ကတည်းက ဗုံးကြဲပြီးတဲ့ နောက် သူတို့လည်း ကြောက်လန့်တကြားနဲ့ ထွက်ပြေးကုန်ပြီ၊ တောင်အောက်ပြေးဆင်းတဲ့လူဆင်း၊ တောင်ပေါ် ပြေးတက်တဲ့လူတက်နဲ့၊ တချို့လည်း ကြောက်လန့်ပြီး Camp နား ပြန်မလာရဲတော့တဲ့လူတွေလည်း ရှိတယ်”
ဖရူဆိုမြို့နယ်အတွင်း တိုက်ပွဲများ ရပ်တန့်နေသည်မှာ နှစ်ပတ်နီးပါးခန့် ရှိနေပြီဖြစ်ပြီး တိုက်ပွဲဖြစ်ပွားမှု၊ စစ်ရေး လှုပ်ရှားမှု တစ်စုံတစ်ရာမရှိပဲ ယခုကဲ့သို့ ညအချိန်မတော်တွင် စစ်ကောင်စီတပ်က လေယာဉ်ဖြင့် ဗုံးလာကြဲ သည့်အတွက် စစ်ရှောင်များ ပိုမိုစိုးရိမ်ထိတ်လန့်နေကြသည်ဟု ဆိုသည်။
ထိုကဲ့သို့ အရပ်သားပြည်သူများ စစ်ရှောင်နေသည့်နေရာကို လေယာဉ်ဖြင့် ဗုံးကြဲခြင်းသည် “လူ့အခွင့်အရေး ကိစ္စ ကျတော့ ဒါက စစ်ရှောင်တွေနေတဲ့နေရာဆိုပြီးတော့မှ ကျနော်တို့ကတော့ လုံခြုံမယ် ထင်ပြီး ကျနော်တို့ သတ် မှတ်ပြီး ထားတဲ့နေရာပေါ့။ အခုလိုဖြစ်သွားတဲ့ကိစ္စ စစ်ကောင်စီက သူ့ဖက်က ဘာတာ ဝန်ယူမှု တာဝန်ခံမှုမှ လည်းမရှိဘူး။ ပြီးရင် ပြည်သူတွေကို ကိုယ်လုပ်ချင်သလို လုပ်ချင်တိုင်းလုပ်မယ်ဆိုတာက လူသားမျိုးနွယ် တစ် ခုအပေါ်မှာ တန်ဖိုးမထားတဲ့ပုံစံမျိုး၊ လူသားမျိုးနွယ်တစ်ခုအပေါ်မှာ ကျူးလွန်တဲ့ လူမျိုး တုန်းသတ်ဖြတ်မှု ပုံစံ မျိုး ဖြစ်သွားတာပေါ့။ မိုဆိုကိစ္စနဲ့ ဆက်စပ်ကြည့်လိုက်ရင်လည်း အဲ့လိုသဘောမျိုး သက် ရောက်ပါတယ်ခင်ဗျ” ဟု စစ်ရှောင်များကို ကူညီပေးနေသူက ဆက်ပြောသည်။
လူထုအနေဖြင့် လုံခြုံမည်ထင်သည့် နေရာကို ထွက်ပြေးတိမ်းရှောင်နေကြရင်း ယခုကဲ့သို့ လေယာဉ်နှင့် ဗုံးကြဲခံ လိုက်ရသည့်အတွက် စစ်ရှောင်များ၏ လုံခြုံရေး၊ ကရင်နီလူထု၏ လုံခြုံရေးမှာ ကြီးမားသည့် စိန်ခေါ်မှု တစ်ရပ် ဖြစ်လာနေသည်ဟု စစ်ရှောင်များအား ကူညီနေသူများက ဆိုသည်။
စစ်ရှောင်ပြည်သူများအနေဖြင့် နေအိမ်အိုးအိမ်များကို စွန့်ခွာထွက်ပြေးလာရသည့်အတွက် နေထိုင်စားသောက် ရေး၊ ဆေးဝါး အခက်အခဲရှိနေသည့်ကြားက ယခုသည် အသက်လွတ်ရေး၊ အသက်ရှင်သန်ရေးက အဓိက ဖြစ် လာသည်ဟု စစ်ရှောင်များနှင့် ၎င်းတို့အား အကူအညီပေးနေသူများက ပြောသည်။
ဓါတ်ပုံ – PKPF