NLD လွှတ်တော်အမတ်၏ ဖခင် ဖြစ်သူကို စစ်ကောင်စီ ဖမ်း

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ ဇန္နဝါရီလ ၂၀ ရက်။

ဧရာဝတီတိုင်း၊ မအူပင်မြို့တွင် ပြည်သူ့လွှတ်တော်အမတ် ဒေါ်အိအိပြုံး၏ နေအိမ်ကို စစ်ကောင်စီက ဒုတိယ အကြိမ် ဝင်ရောက်စီးနင်းခဲ့ပြီးနောက် ဖခင်ဖြစ်သူကို ဖမ်းဆီးသွားသည်။

ဇန္နဝါရီလ ၁၆ ရက်နေ့၊ ည ၁၂ နာရီ ဝန်းကျင် အချိန်က ပြည်သူ့လွှတ်တော်အမတ် ဒေါ်အိအိပြုံး၏ နေအိမ်ကို စစ်ကောင်စီ တပ်ဖွဲ့ က ဒုတိယအကြိမ် ဝင်ရောက် စီးနင်းခဲ့သည်ဟု မအူပင်မြို့ခံများက ပြောသည်။

“စစ်သားတွေကော ရဲတွေကော အရပ်ဝတ်နဲ့ သေနတ်ကိုင်ထားသူတွေ အားလုံး ၃၀ ကျော်လောက်ရှိမယ်။ တံခါး ကို ထုရိုက်ပြီးတော့ အတင်းဖွင့်ခိုင်းတယ်။ တစ်အိမ်လုံးလည်း မွှေနှောက်ရှာဖွေတယ်။ အမ (ဒေါ်အိအိပြုံး) ကို မတွေတော့ အဖေဖြစ်တဲ့သူကို ဖမ်းသွားတာပဲ“ ဟု မိသားစုနှင့် နီးစပ်သူတစ်ဦး က ပြောသည်။

စစ်တပ်က အာဏာသိမ်းပြီးနောက် ၂၀၂၁ ခုနှစ် မတ်လ အတွင်း စစ်ကောင်စီတပ်ဖွဲ့က ဒေါ်အိအိပြုံး၏ နေအိမ်ကို ပထမအကြိမ် ဝင်ရောက်စီနင်းခဲ့ပြီးနောက် ယခု ဒုတိယအကြိမ်တွင် ဒေါ်အိအိပြုံးကို မတွေ့သဖြင့် ဖခင် ဖြစ်သူ ဦးခင်ဝင်းကို ဖမ်းဆီးသွားခြင်း ဖြစ်သည်ဟု ဒေသခံများက ပြောသည်။

မဟော်သဓာ ဥပဒေ အထောက်အကူပြု အဖွဲ့ဝင်ဟောင်းတစ်ဦးက “သမီး မမိလို့ သား မမိလို့ အဖေ အမေကို ဖမ်းတယ်။ လင်မတွေ့လို့ မယားဖမ်းတယ်။ ဒါဥပဒေအရ ဘောင်မဝင်ဘူး။ တရားမဲ့ အဓမ္မလုပ်ရပ်ဖြစ်တယ်။ စစ် တပ် အာဏာသိမ်းပြီးနောက် ဒါမျိုးက နိုင်ငံအနှံ့မှာ ဖြစ်နေတာ။ တရားဥပဒေစိုးမှုက ပျက်နေတာ” ဟု ပြောသည်။

ပြည်သူ့လွှတ်တော်အမတ် ဒေါ်အိအိပြုံးက အိမ်တွင် မရှိသော်လည်း ၎င်း ပါတီအောင်နိုင်ရေး လုပ်စဉ်က အသုံး ပြုခဲ့သည့် ပါတီအလံနှင့် ရင်ထိုး အပြင် သူမ ဝတ်ဆင်ခဲ့သည့် အင်္ကျီနှင့် အသုံးမပြုပဲ ဖြုတ်သိမ်းထားသည့် PSI စလောင်းတို့ကို စစ်ကောင်စီတပ်သားများက သိမ်းယူသွားသည်ဟု မိသားစုနှင့် နီးစပ်သူက ဆက်ပြောသည်။

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီက ဒေါ်အိအိပြုံးသည် မအူပင်မြို့နယ်၊ မဲဆန္ဒနယ်မြေအတွင်း က ပြည်သူလွှတ်တော် ကိုယ်စားလှယ်တစ်ဦး အဖြစ် ၂၀၁၅ ခုနှစ် က ပထမအကြိမ်ရွေးချယ် တင်မြောက်ခံခဲ့ရပြီး ၂၀၂၀ ခုနှစ်တွင်လည်း ထပ်မံ၍ ရွေးချယ် တင်မြောက်ခံထားရသူ တစ်ဦး ဖြစ်သည်။

စစ်ကောင်စီ တပ်ဖွဲ့သည် ဒေါ်အိအိပြုံး၏ ဖခင် အပြင် မအူပင်မြို့မရပ်ကွက်က ဦးထိန်ဝင်း၊ ဦးသိန်းဟန် နှင့် ဒေါ်အေးအေးခိုင် တို့ကိုလည်း ဖမ်းဆီးခဲ့ပြီး မအူပင်မြို့ ကားကြီးဝန်းအတွင်းရှိ ဦးစတား၏ အလုပ်ရုံရှိ ပစ္စည်းများ ကိုလည်း သိမ်းယူသွားခဲ့သည် ဟု သိရသည်။

စစ်တပ်အာဏာသိမ်းပြီးနောက် ၂၀၂၁ ခုနှစ် မတ်လ ၁၁ ရက်နေ့က ဒေါ်အိအိပြုံး၏ နေအိမ်ကို ပထမ အကြိမ် ဝင် ရောက်စီးနင်းခဲ့စဉ် တစ်အိမ်တည်း အတူနေ ဒေါ်အိအိပြုံး ညီမ၏ ယောက်ကျားကို စစ်ကောင်စီက အကြောင်းမဲ့ ဖမ်းဆီးကာ ထောင်ဒဏ် တစ်နှစ်ခွဲချမှတ်ခဲ့သည့် ဖြစ်စဉ်လည်း ရှိခဲ့သည်ဟု မိသားစုဝင်များ၏ ပြောပြချက်အရ သိရသည်။