လွယ်ဂျယ်ဂိတ်ဖွင့်သော်လည်း ကန့်သတ်ကုန်များသာ ထွက်ခွင့်ရ၊ ကုန်ဝင်ခွင့်မရသေး

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ ဇန္နဝါရီလ ၂၀ ရက်။

တရုတ်-မြန်မာနယ်စပ် လွယ်ဂျယ်နယ်စပ်ကုန်သွယ်ရေးဂိတ်ကို ပြန်လည်ဖွင့်လှစ်ခဲ့သော်လည်း ထုတ်ကုန် သွင်း ကုန်များအား ကန့်သတ်မှုများ ရှိနေသေးသည်ဟု ဒေသအတွင်းက ကုန်သည်များက ပြောသည်။

လွယ်ဂျယ်နယ်စပ်ကုန်သွယ်ရေးဂိတ်မှ ပုံမှန်အားဖြင့် ဗန်းမော်ခရိုင်ထွက် တရုတ် တစ်သျှူးငှက်ပျော၊ ဖရဲ၊ ပြောင်း၊ ကြံနှင့် အခြားဒေသထွက် သီးနှံများကို တင်ပို့နေခြင်းဖြစ်သော်လည်း ယခုဂိတ်ပြန်လည်ဖွင့်လှစ်ချိန်တွင် တရုတ်အစိုးရဘက်က တစ်သျှူးငှက်ပျောနှင့် ကြံကိုသာ တင်ပို့ခွင့် ခွင့်ပြုထားခြင်း ဖြစ်သည်ဟု ဒေသခံ အမျိုးသမီး တစ်ဦးက ပြောသည်။

ဖွင့်တော့ဖွင့်ပြီပေါ့နော် ဒါပေမယ့်လည်း အခုလောလောဆယ်တော့ သူတို့က တခြား ပစ္စည်းတော့ ဘာမှ ဝင်လို့ မရသေးဘူး။ ဒီကြံကားနဲ့ ငှက်ပျောသီးကားပေါ့နော် ဒါကို သူတို့ အရင်ဝင်ခိုင်းတာ ဟုတ်တယ်။” ဟု လွယ်ဂျယ်မြို့က ဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။

တစ်သျှူးငှက်ပျောနှင့် ကြံကိုသာ တင်ပို့ခွင့်ပြုထားသော်လည်း တစ်ရက်လျှင် ကားအစီးရေ မည်မျှသာဆိုသည့် ကန့်သတ်ချက်လည်း ရှိနေသေးသည်ဟု ကားသမားများနှင့် သီးနှံလုပ်ငန်းရှင်များက ဆိုသည်။

ကချင်ပြည်နယ်၊ လွယ်ဂျယ်မြို့ရှိ တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးဂိတ်ကို ကိုဗစ်-၁၉ ရောဂါအခြေအနေ ကြောင့် ၆ လနီးပါးခန့် ပိတ်ထားရာမှ ဇန်နဝါရီလ ၁၇ ရက်နေ့တွင် ပြန်လည် ဖွင့်လှစ်ခဲ့သော်လည်း ကုန်ပစ္စည်း များကို အကန့်အသတ်ဖြင့် ထုတ်/သွင်းခွင့်များ သတ်မှတ်ထားခြင်း ဖြစ်သည်။

မြန်မာနိုင်ငံဘက်မှ တစ်သျှူးငှက်ပျောနှင့် ကြံကို စတင် တင်သွင်းနေပြီ ဖြစ်သော်လည်း တရုတ်နိုင်ငံဘက်ခြမ်းမှ ကုန်ပစ္စည်းများအား ယနေ့အချိန်ထိ မြန်မာနိုင်ငံဘက်ခြမ်းသို့ တင်သွင်းခွင့် မပြုသေးဟုလည်း ဆိုသည်။

ဒေသခံ ကုန်သည်အမျိုးသမီးတစ်ဦးက “အခုလောလောဆယ်တော့ သူတို့ပြောတာပေါ့နော် ကြားတာကတော့ သူတို့ ဒီ မြန်မာနိုင်ငံကိုကျတော့ ဘာမှထုတ်လို့တော့ မရသေးဘူး။ အခု ဒီဝင်တာတောင်မှ သူတို့ အစမ်းသဘော ပေါ့နော်။ အဲလိုမျိုး သဘောနဲ့ဘဲ သူတို့ ဝင်တာဟုတ်တယ်။ ဘာမှတော့ မထွက်သေးဘူး လူတွေလည်း ဝင်လို့ တော့ မရသေးဘူး။ သူတို့ ဒီကားတွေ ဝင်ခိုင်းတာတောင်မှနော် ကရိန်းနဲ့ ဆွဲပြီးမှ အဲလိုမျိုးတင်တာပေါ့။ သူတို့ ဘက်ကတော့ ဘာမှ ထွက်ခွင့်တော့ မရှိသေးဘူး အခုလောလောဆယ်တော့” ဟု ပြောသည်။

ကားနှင့် ကားသမားများ ထွက်ခွင့်ပေးပါက ပြန်လည်ဝင်ရောက်ခွင့်လည်း ပေးရမည်ဖြစ်သည်။

မြန်မာ-တရုတ်နယ်စပ် ကချင်ပြည်နယ်၊ လွယ်ဂျယ်နယ်စပ်ကုန်သွယ်ရေးဂိတ် စတင်ဖွင့်လိုက်ပြီဖြစ်ပြီး မြန်မာ ဘက်က တစ်ရက်လျှင် သီးနှံကား အစီးရေ ငါးဆယ်ခန့်ကို ကနဦးကုန်သွယ်ဖို့ စီစဉ်ထားခြင်း ဖြစ်သည်ဟု ဗန်းမော်ခရိုင်ရှိ သီးနှံစိုက်ပျိုးထုတ်လုပ်သူများအသင်းထံမှ သိရသည်။

ကချင်ပြည်နယ်အတွင်းက လွယ်ဂျယ် နယ်စပ်ကုန်သွယ်ရေးဂိတ် အပါအဝင် ကန်ပိုက်တည်နှင် ပန်ဝါ နယ်စပ် ကုန်သွယ်ရေးဂိတ်တို့ကိုလည်း ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် တရုတ်အစိုးရဘက်က ၂၀၂၁ ခုနှစ် ဇူလိုင်လက စတင်ပြီး ပိတ်ထားခြင်းဖြစ်ပြီး လတ်တလောတွင် ကန်ပိုက်တည်နှင့် လွယ်ဂျယ်ဂိတ်တို့ ကို ကန့်သတ်ချက် အချို့ ကြားမှ ကုန်သွယ်ခွင့်ပြုထားခြင်း ဖြစ်သည်။

လွယ်ဂျယ်မြို့သည် မြစ်ကြီးနားမြို့ နှင့် ၁၁၈ မိုင် အကွာတွင် တည်ရှိပြီး ကချင်ပြည်နယ်အတွက် အဓိကကျသည့် တရုတ်-မြန်မာ နယ်စပ်မြို့တစ်မြို့ ဖြစ်ပြီး လွယ်ဂျယ် နယ်စပ်ကုန်သွယ်ရေးဂိတ် တည်ရှိရာ မြို့ဖြစ်သည်။

ဓါတ်ပုံ – Chinese Embassy in Myanmar