သတင်းသမား ၃ ဦးဖမ်းခံရ၊ အခြား တစ်ဦး ပျောက်ဆုံးနေ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ ဇန္နဝါရီလ ၂၀ ရက်။

ယခုရက်ပိုင်းအတွင်း သတင်းထောက်များထပ်မံဖမ်းဆီးခံရမှုများ ရှိနေသည့်အပြင် အလွတ်သတင်းထောက်တစ်ဦးလည်း ပျောက်ဆုံးနေသည်ဟု နီးစပ်သူများထံမှ သိရသည်။

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့ အခြေစိုက် သတင်းဌာနတစ်ခုဖြစ်တဲ့ Dawei Watch သတင်းဌာနက သတင်းထောက်၂ ဦး အပြင် ရုံးဝန်ထမ်း ၁ ဦး စုစုပေါင်း ၃ ဦးကို ဇန်နဝါရီလ ၁၉ ရက်နေ့ နံနက်အစောပိုင်းက စစ်ကောင်စီ တပ်ဖွဲ့ဝင်များက နေအိမ်များတွင် ဝင်ရောက် ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်ဟု ၎င်းတို့နှင့်နီးစပ်သူများက ပြောသည်။

ဖမ်းသွားတယ်ဆိုတာ ဟုတ်ပါတယ်။ သတင်းထောက် မမိုးမြင့်ကို သူရဲ့အိမ်မှာ မနက်အစောကြီးလာဝင် ဖမ်း သွားကြတာပါ။ ထားဝယ်မြို့ တလိုင်းထိန်ရပ်ကွက်က အိမ်ကနေ ဖမ်းသွားတာပါ။ နောက်ပြီးတော့ ဝဲကျွန်းမှာရှိ တဲ့ ဝန်းထမ်းအိမ်ရာလိုင်းခန်းကနေက သတင်းထောက် ကိုဇော်နဲ့ ရုံးဝန်ထမ်း တစ်ယောက်ပေါ့ သူတို့ကို ဖမ်း သွားတာပါ” ဟု ကိုဇော်နှင့် နီးစပ်သူ တစ်ဦးက ပြောသည်။

ထားဝယ်မြို့၊ တလိုင်းထိန်ရပ်ကွက် နေအိမ်မှ သတင်းထောက် မမိုးမြင့်၊ ဝဲကျွန်းရပ်ရှိ ဝန်ထမ်းအိမ်ရာလိုင်းခန်းမှ သတင်းထောက် ကိုဇော်နှင့် ရုံးဝန်ထမ်း ကိုဖြိုးပြည့်လေးလွင် (ခ) ကိုသားကြီးတို့ကိုလည်း စစ်ကောင်စီတပ်ဖွဲ့ဝင် များက ဖမ်းဆီးသွားခြင်း ဖြစ်သည်။

ထို့အပြင် “စစ်သားတွေက အခုလို ဝင်ဖမ်းတော့ အခု တချို့က ထွက်ပြေးနေကြတယ်။ ရှောင်နေကြရတာပါ။ တချို့ဒီ Dawei Watch မှာ အာဏာသိမ်းလိုက်ကတည်းက အလုပ်ဆက်မလုပ်တော့တဲ့ သတင်းထောက်တွေ လည်း ရှိတယ်။ ဒါပေမယ့် သူတို့လည်း စိုးရိမ်ကုန်တာမျိုးပေါ့။ ကျနော်တို့က သတင်းထောက် မလုပ်တော့ပါ ဘူးလို့ ရှင်းပြလဲ ဒီကောင်တွေက နားလည်မှာမှ မဟုတ်တာ။ ထားဝယ်မှာ အခုက လူငယ်တွေကိုဖမ်းတာတွေ လည်း အမြဲရှိတယ်။ သတင်းထောက်တွေလည်း ထပ်ဖမ်းတယ်ဆိုတော့ သတိနဲ့တော့ အကုန်လုံးနေနေရတာ ပေါ့ဗျာ” ဟု ထားဝယ်မြို့က တက်ကြွလှုပ်ရှားသူ တစ်ဦးက ပြောသည်။

၎င်းတို့ ၃ ဦးကို ဖမ်းဆီးသွားပြီးနောက် Dawei Watch သတင်းဌာန၏ ရုံးခန်းကိုလည်း ဝင်ရှာဖွေခဲ့ကြပြီး ရုံး အတွင်းရှိ စာရွက်စာတမ်းအချို့နှင့် ပစ္စည်းအချို့ကို ယူဆောင်သွားကြသည်ဟု Dawei Watch သတင်းဌာနနှင့် နီးစပ်သူများ၏ ပြောပြချက်အရ သိရသည်။

လတ်တလောတွင် ဖမ်းဆီးခံထားရသူ Dawei Watch သတင်းဌာနက သတင်းထောက် ၂ ဦးနှင့် ရုံးဝန်ထမ်း ၁ ဦး တို့အား မည်သည့်နေရာတွေ ဖမ်းဆီးထိန်းသိမ်း ခေါ်ဆောင်သွားသည်ကို မသိရသေးဘဲ မိသားစုဝင်များနှင့် လည်း အဆက်အသွယ်မရသေးဘူးဟု သိရသည်။

ထို့အပြင် အလွတ်တန်း သတင်းထောက်ဖြစ်သူ မညိမ်းညိမ်းအေး (ခေါ်) မေဘယ်လ်လည်း လွန်ခဲ့သည့် ၅ ရက်ခန့် ကတည်းက နေအိမ်မှ ထွက်သွားပြီးနောက် မိသားစုနှင့် အဆက်သွယ် ပြတ်တောက်သွားသည်ဟု သူနှင့် နီးစပ်သူ အချို့က ပြောသည်။

မညိမ်းညိမ်းအေးသည် ယခင် စစ်တပ်ကအာဏာမသိမ်းမှီတွင် ကုမုဒြာဂျာနယ်နှင့် စံတော်ချိန်သတင်းစာတွင် သတင်းထောက်အဖြစ် လုပ်ကိုင်ခဲ့သူ တစ်ဦးဖြစ်ပြီး ယခုအချိန်တွင် အလွတ်သတင်းထောက်အဖြစ် ရပ်တည် နေသူ အမျိုးသမီးအလွတ်သတင်းထောက် တစ်ဦး ဖြစ်သည်။

စစ်တပ်က အာဏာသိမ်းပြီးနောက်တွင် စစ်ကောင်စီက နိုင်ငံတဝှမ်းရှိ သတင်းထောက် အယောက် ၁၁၀ ကျော် ဖမ်းဆီးခံခဲ့ရပြီး သတင်းသမား ၃ ဦး သေဆုံးသွားခဲ့သည်။

၂၀၂၁ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ လူ့အခွင့် အရေးနေ့ ဒီဇင်ဘာလ ၁၀ ရက်နေ့တွင် မြန်မာနိုင်ငံတစ်ဝန်း အသံတိတ်ဆန္ဒပြနေခြင်းကို သတင်းဓာတ်ပုံရိုက်နေချိန် အလွတ်တန်း ဓာတ်ပုံ သတင်းထောက် ကိုစိုးနိုင်သည် ရန်ကုန်မြို့တွင် စစ်ကောင်စီ တပ်ဖွဲ့ဝင်များ၏ ဖမ်းဆီးခြင်းကို ခံခဲ့ရပြီးနောက် စစ် ကြောရေးတွင် သေဆုံးသွားခဲ့သည်။

ထို့အပြင် ဖက်ဒရယ်ဂျာနယ် အယ်ဒီတာ အေစိုင်းကေ (ခ) စိုင်းဝင်းအောင်က ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာ ၂၅ ရက်နေ့ က ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက်ရှိ လေးကေ့ကော်ဒေသ မယ်ဝါးခီးကျေးရွာတွင် တိုက်ပွဲ သတင်းရယူနေ ချိန် စစ်ကောင်စီတပ် ပစ်ခတ်လိုက်သည့် လက်နက်ကြီး ကျည်ထိမှန်ပြီး ကျဆုံးသွားခဲ့ခြင်း ဖြစ်သည်။

အလားတူ ချင်းပြည်နယ် အခြေစိုက် Khonumthung သတင်းဌာန၏ ဝါရင့် သတင်းထောက်တစ်ဦးဖြစ်သူ Pu Tui Dim သည်လည်း ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၈ ရက်နေ့က ချင်းပြည်နယ်၊ မတူပီမြို့နယ် မတူပီ-ဟားခါး လမ်း ပေါ်က ကီးလှုန်းနှင့် လုံလှော ကျေးရွာကြား စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ လက်ချက်ကြောင့် အခြား ပြည်သူ ၁၀ ဦးနှင့် အတူ အသတ်ခံခဲ့ရသည်။

နယ်ခြားမဲ့ သတင်းသမားများ RSF အဖွဲ့၏ သတင်းလွတ်လပ်ခွင့် ညွန်းကိန်းတွင် မြန်မာနိုင်ငံသည် ၂၀၂၁ ခုနှစ်တွင် အဆင့် ၂၀ ကျဆင်းသွားခဲ့ပြီး နိုင်ငံပေါင်း ၁၈၀ အနက် နံပါတ် ၁၄၀ တွင်ရှိနေသည်။