တရုတ်ဓါတ်ငွေ့ ပိုက်လိုင်းအနီး မိုင်းထောင်၍ ဒေသခံများ အလုပ်မဆင်းနိုင်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ ဇန္နဝါရီလ ၂၀ ရက်။
ရှမ်းပြည်နယ်မြောက်ပိုင်းဒေသအတွင်း ဓါတ်ငွေ့ပိုက်လိုင်းရှိရာ အနီးတဝိုက်တွင် စစ်ကောင်စီက မြေမြုပ်မိုင်းများ ထောင်ထားသည့်အတွက် ဒေသခံ ၁၈၀၀ ကျော် အသေက်မွေးဝမ်းကျောင်းလုပ်ငန်းများ လုပ်ကိုင်ရန် အခက်တွေ့နေသည်ဟု ဒေသခံများက ပြောသည်။
မန္တလေး-လားရှိုးပြည်ထောင်စု လမ်းမကြီးဘေးရှိ သီပေါမြို့နယ်အပိုင်းတွင်းရှိနေသည့် တရုတ်ရေနံနှင့် ဂတ်စ် ပိုက်လိုင်း ထိန်းချုပ်ရုံနှင့် ပိုက်လိုင်းတလျှောက်တွင် စစ်ကောင်စီက ၂၀၂၁ ခုနှစ် နှစ်ကုန်ပိုင်း (ပြီးခဲ့သည့် ၂ လ) ခန့် အချိန်ကစတင်၍ မြေမြုပ်မိုင်းများ ထောင်ထားသည်ဟု ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်ဖွဲ့က ပြောသည်။
ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်အဖွဲ့ ပြောရေးဆိုခွင့်ရှိသူ စိုင်းဆန်လွယ် က “အဲ့နေရာတဝိုက်မှာ စစ်ကောင်စီက ပိုက် လိုင်းကို လုံခြုံရေးလာယူပေးတာပေါ့နော်။ အဲ့ဒီပိုက်လိုင်းကို လုံခြုံရေးယူပေးတဲ့အတွက် ဒီပိုက်လိုင်းမှာ တချို့ အဖွဲ့တွေ ဥပမာ PDF တို့၊ တချို့တိုင်းရင်းသားအဖွဲ့တွေပေါ့နော် ဒီပိုက်လိုင်းကို လာဖြိုခွဲမှာဆိုးလို့ ပိုက်လိုင်းကို လုံခြုံရေးလာယူပေးတယ်ခင်ဗျ။ အဲ့ဘက်မှာ တိုက်ပွဲတွေ ခနခနဖြစ်တာပေါ့နော်။ ဒီပိုက်လိုင်းကို လာထိခိုက်မှာ ဆိုးလို့ပေါ့နော်။ အဲ့ကြောင့် ဒီပိုက်လိုင်းကို လုံခြုံရေးလာယူပေးတယ်ခင်ဗျ” ဟု ပြောသည်။
ပြီးခဲ့သည့် နှစ်လခန့်ကစတင်၍ သီပေါမြို့ အခြေစိုက် စစ်ကောင်စီတပ်များ ဖြစ်ကြသည့် ခလရ ၂၃၊ ခမရ ၅၀၃၊ ခမရ ၅၀၄ တပ်သားအင်အား ၂၀ ခန့်ကလည်း ပိုက်လိုင်းကို လုံခြုံယူထားပေးပြီး ပိုက်လိုင်းတလျှောက်အနီး စက် ရုံအနီးတွင်လည်း မြေမြုပ်မိုင်းများ လာထောင်ထားသည်ဟု ဒေသခံများက ပြောသည်။
စစ်တပ်က အာဏာမသိမ်းခင်က ထိုကဲ့သို့ လုံခြုံရေးယူခြင်း တစ်စုံတစ်ရာ မရှိခဲ့ဟု ရွာသားများက ပြော သည်။
ထို့ကြောင့် “အဲ့ဒီနေရာမှာက ရာသီဥတုအလိုက် ဆန်စပါးတွေစိုက်တယ်။ ပြီးရင် ဟင်းသီးဟင်းရွက်တွေ စိုက် တယ်ပေါ့နော်။ ဒီသူတို့ စစ်ကောင်စီက မြေမြုပ်မိုင်းတွေ ထောင်ထားတဲ့နေရာက ဒေသခံတွေ တောထဲမှာ ထင်း တွေခုတ်တယ်၊ တောရိုင်းတိရိစ္ဆာန်တွေ သွားလိုက်တဲ့ နေရာတွေပေါ့။ အခုက မြေမြုပ်မိုင်းတွေ စစ်ကောင်စီက လာမြုပ်ထားတယ်ဆိုတော့ သူတို့က အဲ့ဒီနေရာမှာလည်း မသွားရဲတော့ဘူးပေါ့။ ထိခိုက်တာက သူတို့က ဒီနေရာ ကို ဘာမှ သွားမလုပ်ရဲတော့ဘူးပေါ့ ဒီလိုဖြစ်နေတာခင်ဗျ။ လုပ်ကိုင်စားသောက်ဖို့က သူတို့ အဲ့ဒီနေရာကို လုံးဝ မသွားရဲတော့ဘူးဗျ” ဟု စိုင်းဆန်လွယ်က ဒေသခံများ ကြုံနေရသည့် အခက်အခဲနှင့် ပတ်သက်၍ ရှင်းပြသည်။
စစ်ကောင်စီတပ်သားများ အဆိုပါနေရာအနီးတဝိုက်တွင် လုံခြုံရေးယူထားခြင်းကြောင့် ဒေသအတွင်း လှုပ်ရှား နေသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် အကြား တိုက်ပွဲများ ဖြစ်ပွားလာမည်ကို ဒေသခံများက စိုးရိမ် နေကြပြီး၊ မြေမြုပ်မိုင်းထိခိုက်ပေါက်ကွဲမှုများကြောင့် အသက်အန္တရာယ်ထိခိုက်မည့် အခြေအနေနှင့် စိုက်ပျိုးရေး လုပ်ငန်းများ ထိခိုက်မည်ကို စိုးရိမ်နေကြသည်။
“ကျနော်တို့ တောင်းဆိုချင်တာကတော့ ဒီရွာသူရွာသားတွေ လုပ်စားတဲ့နေရာမှာပေါ့နော် ဒီလိုနေရာမှာက မြေ မြုပ်မိုင်းတွေ ဘာတွေမလုပ်ဖို့ပေါ့နော်၊ ပြီးတော့ ကျေးရွာတစ်ဝိုက်မှာလည်း တိုက်ပွဲတွေ မဖြစ်ဖို့ပေါ့နော် တောင်းဆိုချင်တယ် ခင်ဗျ” ရွာသားတစ်ဦးက ပြောသည်။
လက်ရှိတွင် သီပေါမြို့နယ်၊ ချောင်းခြောက်ကျေးရွာအုပ်စုအတွင်းရှိ နောင်လင်း၊ ဝမ်းဆိုင်း၊ တင်းလုံ၊ နောင်အန်း နှင့် ချောင်းခြောက်ကျေးရွာများက ဒေသခံရွာသား လူဦးရေ ၁၈၀၀ ခန့်အတွက် အသက်မွေးဝမ်းကျောင်းဆိုင်ရာ လုပ်ငန်းများ အခက်အခဲကြုံနေရသည်ဟု သိရသည်။
ပြီးခဲ့သည့်ရက်သတ္တပတ် (ဇန္နဝါရီလ ပထမအပတ် မှ ဒုတိယအပတ်)ကြားတွင်လည်း သီပေါမြို့နယ်၊ နောင်အန်း ရေးနံနှင့် ဓါတ်ငွေ့စက်ရုံအနီးတွင် လက်နက်ကြီး၊ လက်နက်ငယ်ပစ်ခတ်သံများကြားခဲ့ရပြီး ပိုက်လိုင်းဧရိယာ အနီးတဝိုက် လက်နက်ကြီးကျည်အချို့ ကျရောက်ခဲ့သည်ဟု ရွာသားများက ပြောသည်။
သီပေါမြို့နယ်အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များအပြင် တိုင်းရင်းသားလက်နက်ကိုင်များ ဖြစ်ကြသည့် တအန်း-PSLF/TNLA, ရှမ်း(မြောက်)-SSPP/SSA, ရှမ်း(တောင်)-RCSS/SSA တပ်ဖွဲ့ဝင်များလည်း သွားလာလှုပ်ရှားနေ သည့် နေရာဖြစ်သည်။
ထိုသို့သော အခြေအနေများအပြင် အနီးပတ်ဝန်းကျင်က ဒေသခံရွာသားများက ပိုက်လိုင်းပေါက်ကွဲမည့် အန္တ ရာယ်များ ဖြစ်လာမည်ကိုလည်း စိုးရိမ်နေကြသည်။