ကသာတွင် ဗုံးကြဲတိုက်ခိုက်၊ ကလေးအပါအဝင် ၂ ဦး ဒဏ်ရာရ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ ဇန္နဝါရီလ ၂၁ ရက်။

စစ်ကောင်စီက ဂျက်တိုက်လေယာဉ် နှစ်စီးဖြင့် ကသာ မြို့နယ်အတွင်း ဗုံးကြဲတိုက်ခိုက်သောကြောင့် ကလေးငယ် တစ်ဦး အပါအဝင် လူ ၂ ဦး ဒဏ်ရာရပြီး ဘုရားစေတီတချို့ ပျက်စီးခဲ့သည်ဟု ဒေသခံများက ပြောသည်။

ကသာမြို့နယ် အမှတ်တိုင်ကျေးရွာကို ဇန္နဝါရီလ ၁၈ ရက်နေ့၊ မွန်းလွဲ ၂ နာရီ အချိန်ခန့်က စစ်ကောင်စီက ဂျက်တိုက်လေယာဉ် ၂စီးဖြင့် ဗုံကြဲ တိုက်ခိုက် ခဲ့သည့်အတွက် ဘုရားရင်ပြင်တွင်ဆော့ကစားနေသည့် အသက် ၈ နှစ် အရွယ် ကလေးတစ်ဦးနှင့် ဇရစ်ခူးပြန် လာ သည့် အသက် ၅၀ အရွယ် အမျိုးသားတစ်ဦး ဗုံးကျည်စထိမှန်ပြီး ဒဏ်ရာရရှိခဲ့ကြသည်။

“တိုက်လေယာဉ် နှစ်စင်းလာတယ်။ တော်တော်မြန်မြန်တယ်။ အရင်တစင်းက ဗုံး၂လုံး ကြဲချပြီး နောက်တစင်း ကျတော့ အောက်ကို စိုက်ဆင်းလာပြီး စက်သေနတ်နဲ့ဆွဲတာ“ ဟု အသက် ၆၀ အရွယ် အမျိုးသားတစ်ဦး က သူတွေ့ခဲ့သည်ကို ပြောပြသည်။

လေယာဉ်က ပစ်လိုက်သည့် ဗုံးဆံကျည်စထိမှန်သူနှစ်ဦးအနက် ကလေးငယ်မှာ နောက်ကျောတွင်ထိခိုက်ဒဏ်ရာ ရရှိခဲ့ခြင်းဖြစ်ပြီး အသက် ၅၀ အရွယ်အမျိုးသားက နဖူးတွင် ထိခိုက်ဒဏ်ရာ ရရှိခဲ့ခြင်း ဖြစ်သည်။

ထိုသို့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် မှတ်တိုင်ကျေးရွာရှိ လောကသရဖူ ဘုရားကုန်းမှ စေတီတော်၊ အာရုံခံ တန် ဆောင်း အပါအဝင် အနီးအနားရှိ နေအိမ်အဆောက်အဦအချို့လည်း ထိခိုက်ပျက်ဆီးမှုများ ရှိခဲ့သည်။

.ဒဏ်ရာသူနှစ်ဦးကိုလည်း ကသာသို့ ခေါ်ဆောင်သွားပြီး ဆေးကုသပေးခဲ့ရသည်ဟု သိရသည်။

မှတ်တိုင်ကျေးရွာသည် ဇန္နဝါရီလ ၁၂ ရက်နေ့က ဗုံးကြဲတိုက်ခိုက်ခံခဲ့ရသည့် မိုးတားကြီးကျေးရွာနှင့် ၃ မိုင်ခန့် သာ ကွာဝေးပြီး တပတ်ခန့်အတွင်း ယင်းဒေသကို စစ်ကောင်စီက ဒုတိအကြိမ်မြောက် ဗုံးကြဲတိုက်ခိုက်ခြင်းလည်း ဖြစ်သည်။