ကသာ ထီးချိုင့် တိုက်ပွဲများတွင် စစ်ကောင်စီဘက်မှ အသေအပျောက်များဟု PDF များ ပြော
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ ဇန္နဝါရီလ ၂၁ ရက်။
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင် ထီးချိုင့်မြို့နယ်အတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF များ၏ တိုက်ခိုက် မှုကြောင့် နှစ်ရက်အတွင်း စစ်ကောင်စီ စစ်သား ၂၀ နီးပါးခန့် ထိခိုက်သေဆုံးခဲ့စည်။
ဇန္နဝါရီလ ၁၈ ရက်နေ့နှင့် ၁၉ ရက်နေ့ နှစ်ရက်ခန့်အတွင်း PDF များ၏ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်မှ တပ်ဖွဲ့ဝင် ၂၀ နီးပါးခန့် ထိခိုက်သေဆုံးခဲ့သည်။
ဇန္နဝါရီလ ၁၉ ရက်နေ့၊ နံနက် ၈ နာရီအချိန်ခန့်က အင်ဒေါင်းကြက်တကောင်ကျေးရွာနှင့် ပေတောကျေးရွာ အကြားတွင် စစ်ကောင်စီတပ်၏ ရှေ့ပြေး ပွိုင့်တပ်ဖွဲ့အား ရှေ့ထွက်မိုင်းဖြင့် တိုက်ခဲ့သည်ဟု PDF အဖွဲ့ တာဝန်ရှိ သူ၏ ပြောပြချက်အရ သိရသည်။
စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦး ရှေ့ပြေးပွိုင့်တပ်စိတ်ကို ရှေ့ထွက်မိုင်းဖြင့်တိုက်ခိုက်ခဲ့ရာ ၈ ဦးခန့်သည် ပုံလျှက်သား လဲကျသွားသည်ဟု PDF တာဝန်ရှိသူတစ်ဦး က ပြောသည်။
ဇန္နဝါရီလ ၁၈ ရက်နေ့၊ ည ၉နာရီခန့်ကလည်း တည်တောကျေးရွာနှင့် တိုင်းရင်းဆေးရုံကြားတွင် အနီးကပ် ခြုံခို တိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့မှ ၁၀ ဦးခန့် ထိခိုက်ဒဏ်ရာရကာ သေဆုံးနိုင်သည်ဟု ဇန္နဝါရီလ ၁၉ ရက်နေ့ က Eagle Army HPDF တာဝန်ရှိသူ တစ်ဦးက ပြောသည်။
“သုံးယောက်ပဲ အော်ဟစ်ပြေးသွားတာ ကျန်တဲ့သူတွေကတော့ လဲတဲ့သူလဲပဲ။ တချို့လည်း လှုပ်ကို မလှုပ်တော့ တာ။ ဆိုတော့ သေပြီလို့ ပြောလို့ရတယ်“ ဟု Eagle Army HPDF တာဝန်ရှိသူ တစ်ဦးက ပြောသည်။
စစ်ကောင်စီ စစ်ကြောင်းသည် စစ်ကြောင်းနှစ်ဖွဲ့ခွဲ၍ ပြန်လာစဉ် စစ်သား ၁၆ ယောက်ပါ နောက်ကျန်အဖွဲ့ကို ပေ ၂၀ ခန့်အကွာမှ လက်နက်ကြီး လက်နက်ငယ်များဖြင့် အနီးကပ် ပစ်ခတ်တိုက်ခိုက်ခြင်းဖြစ်သည်ဟု ၎င်းက ပြော ဆိုသည်။
တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားလာသည့်နောက် ထီးချိုင့် အရှေ့ဘက်ကမ်းရှိ မောင်းကုန်းကျေးရွာနှင့် မြတောင် ကျေးရွာဘက်တွင် ညနေ ၄ နာရီမှစတင်ပြီး အပြင်မထွက်ကြရန် မာရှယ်လောထုတ်ထားသည်ဟု မောင်းကုန်း ကျေးရွာသား တစ်ဦးက ပြောသည်။
သို့သော် “ဘယ်အချိန်ကနေ ဘယ်အချိန်ထိ ဆိုတာမျိုး မပြောဘူး။ စာလည်းမထုတ်။ နီးကယ် စက်ရုံဝန်ထမ်း တွေ ကိုတော့ အလုပ်စောစောပေးဆင်းလိုက်တယ်” ဟု ပြောသည်။
ထို့အပြင် ကသာခရိုင်၊ ထီးချိုင့်မြို့နယ်အတွင်းက မရသိမ်ကျေးရွာကို စစ်ကောင်စီက လေကြောင်းကနေ တိုက် လေယာဉ် ဖြင့် ဇန္နဝါရီလ ၁၃ ရက်နေ့ အစောပိုင်းက တိုက်ခိုက်သည့်အတွက် ကျေးရွာအတွင်းက စာသင် ကျောင်း အပါအဝင် အဆောက်အဦအချို့လည်း မီးလောင်ခဲ့ပါသေးသည်။
စစ်ကောင်စီတပ်များနှင့် ပြည်သူ့ကာကွယ်ရေးတပ်များအကြား တိုက်ပွဲဖြစ်ပွားနေသည့် စစ်ကိုင်းတိုင်းထဲက နေရာအချို့တွင် စစ်တပ်က နယ်မြေရှင်းလင်းရှာဖွေခြင်းများလည်း ဆက်တိုက်လုပ်ဆောင်နေသည်ဟု ဒေသခံ များက ပြောသည်။