အုပ်ချုပ်ရေးမှူးသစ် အသတ်ခံရပြီးနောက် ဒေသခံများ ဖမ်းဆီးခံရ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ ဇန္နဝါရီလ ၂၄ ရက်။

စစ်ကောင်စီခန့် ကျေးရွာ အုပ်ချုပ်ရေးမှူး အသစ် သေနတ်ဖြင့် ပစ်ခတ်ခံရပြီးနောက် ဒေသခံအချို့ကို စစ်ကောင်စီက ဖမ်းဆီးသွားသည်ဟု သိရသည်။

ဧရာဝတီတိုင်း၊ မော်လမြိုင်ကျွန်းမြို့နယ်၊ ကျော်ဇံကျေးရွာတွင် ဇန္နဝါရီလ ၂၀ ရက်နေ့က ဖြစ်ပွားခဲ့သည့် ပစ်ခတ်မှုအပြီး ၂ ရက်အတွင်း ဒေသခံ ၈ ဦးကို စစ်ကောင်စီက ဖမ်းဆီး သွားပြီးနောက် ၄ ဦးကို တရားစွဲဆိုရန် ဆောင်ရွက်နေသည်ဟု ဖမ်းဆီးခံရထားရသူများ၏ မိသားစုဝင်များက ပြောသည်။

“ဘယ်က သူတွေမှန်း မသိ လာပစ်ပြီး ထွက်ပြေးသွားကြတာ အများသိပါ။ အဲ့ဒါကို ရွာက အိမ်ထဲထိုင်နေတဲ့ သူ တွေ ဖမ်းပြီး ရိုက်နှက်တယ်။ အခုအမှုဖွင့် တရားစွဲတယ်” ဟု မိသားစုဝင်တစ်ဦး က ပြောသည်။

ကျော်ဇံကျေးရွာက အုပ်ချုပ်ရေးမှူး အသစ်ဖြစ်သူ ဦးသန်းဝင်းထွဋ် သေနတ်ဖြင့် ပစ်သတ်ခံရပြီးနောက် ဒေသခံများကို ဖမ်းဆီး တရားစွဲဆိုခြင်း ဖြစ်သည်။

ဒေသခံ ၄ ဦးကို စစ်ကောင်စီ လက်အောက်ခံ ရဲတပ်ဖွဲ့က ပုဒ်မ ၃၀၇ ဖြင့် အမှုဖွင့်ရန် ဆောင်ရွက်နေသည်ဟု ဖမ်း ဆီးခံထားရသူများ၏ မိသားစုဝင်များက ပြောသည်။

ပုဒ်မ ၃၀၇ ဖြင့် တရားစွဲခံသည့်သူများမှာ ကျော်ဇံကျေးရွာမှ အသက် ၃၅ နှစ် နှင့် ၄၀ နှစ် အကြား ရှိကြသည့် စက်လှေမောင်းသူ ကိုသိန်းဝင်းစိုး၊ ကိုမိုးကျော်၊ ကိုသိန်းဌေး နှင့် စီးပွားရေးလုပ်ငန်းရှင် ကိုစိုးနိူင်တို့ ၄ ဦးဖြစ် သည်။

ထို့အပြင် ပစ်ခတ်မှု ဖြစ်ပွားခဲ့သည့် ညက ဆိုင်ကယ်ဖြင့် ရွာသို့ပြန်လာစဥ် ကျော်ဇံ-ကျိုက်ပိ လမ်းပေါ် တွင် ဖမ်း ဆီး ရိုက်နှက်ခံခဲ့ရသည့် ဦးမောင်တင့်၊ ကိုအောင်သက်မိုး၊ ကျောင်းဆရာ ဦးမျိုးအောင် နှင့် တပည့် ဖြစ်သူတို့အား စစ်ကောင်စီက ပြန်လွှတ်ပေးခဲ့သည်ဟု ဒေသခံများက ပြောသည်။

အသက် ၆၀ကျော်ရှိ ဒေသခံတစ်ဦးက “စစ်တပ်က တကယ် လုပ်တဲ့သူတွေကို မဖမ်းနိုင်တိုင်း ရွာကသူတွေကို အပြစ်ရှာ ရန်လုပ်နေတော့ ကျီးလန့်စာ စားနေရသလို ဖြစ်နေတယ်” ဟု ပြောသည်။

PDF (ဘိုကလေး) ဧရာဗေဒါတပ်ဖွဲ့က စစ်ကောင်စီခန့် ကျော်ဇံကျေးရွာ အုပ်ချုပ်ရေးမှူး အသစ်အား ၎င်းတို့၏ တပ်ဖွဲ့ဝင်များက သေနတ်ဖြင့် ပစ်ခတ်ခဲ့ခြင်း ဖြစ်သည်ဟု ထုတ်ပြန်ထားသည်။

စစ်ကောင်စီ သတင်းပေး ကျော်ဇံကျေးရွာမှ ထွေ/ အုပ် စာရေး တစ်ဦး ပစ်သတ်ခံပြီးနောက် စစ်ဗိုလ်တစ်ဦး၏ အမေဖြစ်သူ ယင်းကျေးရွာက အမျိုးသမီး အုပ်ချုပ်ရေးမှူးတစ်ဦးလည်း ထွက်ပြေး ရှောင်တိမ်းသွားခဲ့သည်။

ထိုနောက် အဆိုပါအမျိုးသမီးအုပ်ချုပ်ရေးမှူး၏ နေရာတွင် ဦးသန်းဝင်းထွဋ် ဆိုသူကို စစ်ကောင်စီ က ကျော်ဇံ ကျေးရွာ အုပ်ချုပ်ရေးမှုး အသစ်အဖြစ် အစားထိုးခန့်ထားခြင်းဖြစ်သည်။

ထိုသို့ ခန့်ထားပြီးနောက် တစ်လအကြာ ဇန္နဝါရီလ ၂၀ ရက်နေ့ ညက သေနတ်ဖြင့် ထပ်မံပစ်ခတ်ခံရပြီး ပါးနှင့် အံပုံကို ကျည်ထိမှန်ခဲ့သည်။

ကျေးရွာအုပ်ချုပ်ရေးမှူးအသစ် ဦးသန်းဝင်းထဋ်သည် ယခုခါ ရန်ကုန်မြို့တွင် ဆေးကုသမှု ခံယူနေဆဲဖြစ်သည်ဟု ဒေသခံများက ပြောသည်။