ငွေဆောင်မှ NLD ထောက်ခံသူများကို PDF နှင့် ဆက်သွယ်သည်ဆိုကာ ဖမ်းဆီး

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ ဇန္နဝါရီလ ၂၅ ရက်။

ငွေဆောင်မှ အမျိုးသမီး ၄ ဦးအပါအဝင် ဒေသခံ ၁၄ ဦးကို PDF တပ်ဖွဲ့များနှင့် ဆက်သွယ်သည်ဟု ဆိုကာ စစ်ကောင်စီတပ်က ဇန္နဝါရီလ ၂၃ ရက်နေ့က ဖမ်းဆီးသွားသည်ဟု ဒေသခံများက ပြောသည်။

ငွေဆောင်ကမ်းခြေမြို့ရှိ ဘုန်းမောင်ဂျိုင်ကျေးရွာ က ဒေသခံ ရခိုင် တိုင်းရင်းသူ/သား စုစုပေါင်း ၁၄ ဦးအား စစ်ကောင်စီတပ်ဖွဲ့က အင်အားအလုံးအရင်းဖြင့် ဝင်ရောက်လာပြီး ဖမ်းဆီးသွားခြင်း ဖြစ်သည်။

“ရွာ အဝင်အထွက်လမ်းကို ပိတ်ဆို့လိုက်တယ်။ အိမ်တွေကို သေနတ်နဲ့ ဝိုင်းချိန်ထားပြီး အဘ ဦးလှထွန်းတို့ ဆွေမျိုး တစ်စုလုံးကို PDF နဲ့ အဆက်အသွယ်ရှိတယ် ဆိုပြီး ဖမ်းတာ” ဟု ဒေသခံတစ်ဦး က ပြောသည်။

ဇန္နဝါရီလ ၂၃ ရက်နေ့က ငွေဆောင်ကမ်းခြေမြို့၊ ဘူးကွဲကျေးရွာရှိ စစ်ကောင်စီ အထိုင်တပ်က အင်အား ၈၀ ကျော်ခန့်ဖြင့် ဘုန်းမောင်ဂျိုင်ကျေးရွာကို ဝင်ရောက် စီးနင်းပိတ်ဆို့ကာ ရခိုင်တိုင်းရင်းသားများဖြစ်ကြသည့် အ သက် ၇၃ နှစ်အရွယ်ရှိ ဦးလှထွန်းနှင့် အမျိုးသမီး ၄ ဦး အပါအဝင် စုစုပေါင်း ၁၄ ဦးကို ဖမ်းဆီးသွားခြင်း ဖြစ်သည်။

သို့သော် ၎င်းတို့သည် PDF အဖွဲ့များနှင့် တစ်စုံတစ်ရာ ဆက်စပ် ပတ်သက်မှု မရှိဟု ရွာသားများက ယူဆကြသည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီ (USDP) စည်းရုံးရေးမှူး ဦးကိုမြင့်နှင့် ရာအိမ်မှူး ဦးဇော်ဦးတို့က NLD ပါတီ မဲအောင်နိုင်ရေး အတွက် ဝန်းရံခဲ့သည့် ဦးလှထွန်းတို့ ဆွေမျိုး တစ်စုကို အမည်စာရင်းအတိအကျဖြင့် မဟုတ်မမှန် သတင်းပေးခဲ့ခြင်းသာ ဖြစ်သည်ဟု ဒေသခံအများစုက ပြောသည်။

အဆိုပါ သတင်းပေး ၂ ဦးက ဦးလှထွန်း နှင့် ဆွေမျိုးများအား စစ်တပ်က ဖမ်းဆီးစဥ် စာရင်းပါ အမည်အတိုင်း လိုက်လံပြသ ဖမ်းဆီးခိုင်းစေခဲ့သည်ဟု ရွာခံအချို့၏ ပြောပြချက်အရ သိရသည်။

ငွေဆောင်မြို့ အုပ်ချုပ်ရေးအဖွဲ့ နှင့်နီးစပ်သူ တစ်ဦးက “တောစပ်က သူတို့ဆွေမျိုးပိုင် ဥယျာဥ်ထဲမှ PDF တွေ စခန်းချသွားတယ် ဆိုတဲ့ စွပ်စွဲချက်နဲ့ ငွေဆောင်မြို့မ ရဲစခန်းမှာ စစ်တပ်က စစ်ဆေးနေကြတယ်” ဟု ပြော သည်။

စစ်ကောင်စီက ဖမ်းဆီးသွားပြီး နောက်တစ်ရက်တွင် နယ်မြေခံရဲစခန်းဖြစ်သည့် ငွေဆောင်မြို့မ ရဲစခန်းသို့ ပို့ဆောင်လိုက်ပြီး ယခုခါ ရဲစခန်းက စစ်ဆေးမှုများကို ဆက်လက်လုပ်ဆောင်နေခြင်း ဖြစ်သည်။

ဖမ်းဆီးခံရသူများထဲတွင် အမျိုးသမီး ၂ ဦးမှာ အသက် ၃၀ အရွယ်ခန့် ရှိပြီး လူလွတ်များဖြစ်ကာ ကျန် အမျိုး သမီး ၂ ဦးမှာ အိမ်ထောင်သည်များ ဖြစ်ကြသည်။ ယခုဖမ်းဆီးခံရသူများထဲတွင် လူငယ် လူလတ် ၈ ဦးခန့် ပါဝင် ပြီး အချို့က အသက် ၅၀ နှင့် ၇၀ ကျော်ခန့်ရှိသူ ၆ ဦးပါဝင်သည်။

ဘုန်းမောင်ဂျိုင်ကျေးရွာသည် ရခိုင်ရိုးမ တောင်စွယ် တောစပ် အနီးရှိ အိမ်ခြေ ၂၀၀ ခန့်ရှိသည့် ငွေဆောင်ကမ်း ခြေမြို့ ဧရိယာတွင် ပါဝင်သော ကျေးရွာတစ်ရွာ ဖြစ်သည်။

အဆိုပါကျေးရွာတွင် ရခိုင်တိုင်းရင်းသားအများစု နှင့် ကရင်၊ ဗမာ တိုင်းရင်းသား အနည်းငယ် နေထိုင်ကြသည်။