ပရဟိတ လူငယ်များအား ဖမ်းဆီးပြီး လူနာတင်ကားနှင့် ဆိုင်ကယ်ကို သိမ်း

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ ဇန္နဝါရီလ ၂၅ ရက်။

ထားဝယ်မြို့က ပရဟိတလူငယ် ၇ ဦးကို စစ်ကောင်စီက ဖမ်းဆီးပြီး လူနာတင်ကားတစ်စီးနှင့် ဆိုင်ကယ် တစ်စီး ကို သိမ်းဆည်းလိုက်သည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဇန္နဝါရီလ ၂၄ ရက်နေ့(ယမန်နေ့) ည ၈ နာရီခွဲ ဝန်းကျင် အချိန်ခန့်တွင် ကားနှစ်စီးဖြင့် လာရောက်ဖမ်းဆီးခြင်းဖြစ်သည်။

“သူတို့က အခမဲ့ ပရဟိတ ဆေးကုခန်း ဆောင်ရွက်နေသူတွေပါ။ မီးပြတ်တဲ့ အချိန်ဝင်ပြီး လိုင်းခန်းမှာ ဖမ်းသွား တာ” ဟု ရေသိမ်လမ်းအတွင်း နေထိုင်သူ အသက် ၃၅ နှစ် အရွယ် အမျိုးသားတစ်ဦးက ပြောသည်။

ထားဝယ်မြို့၊ ဝဲကျွန်းညောင်ရမ်းရပ်ကွက်၊ ရေသိမ်လမ်းသွယ်ထဲက မိဘမေတ္တာရေခဲစက်အနောက်ဘက်ရှိ ကု သိုလ်ဖြစ် အခမဲ့ပရဟိတအဖွဲ့မှ လူငယ် ၇ ဦးကို ဖမ်းဆီးသွားပြီး အရေးပေါ် ဆေးကုခန်းသုံး လူနာတင်ယာဥ် တစ်စီး၊ ဆိုင်ကယ်တစ်စီးတို့ကို သိမ်းဆည်းသွားသည်ဟု ဒေသခံများက ပြောသည်။

အခမဲ့ကုသိုလ်ဖြစ် ကျန်းမာရေးစောင့်ရှောက်မှု ပေးနေသည့် စေတနာဝန်ထမ်း ပရဟိတလူငယ်များထဲက အဖွဲ့ ခေါင်းဆောင် ကိုသန့်ဇင်ထူး၊ မဆုယဉ်လဲ့၊ မခင်ချိုသက်တို့ အပါအဝင် လူငယ် ၇ ဦး ကို ၎င်းတို့နေထိုင်သည့် အိမ် အငှားတန်းလျား(လိုင်းခန်းတွဲ)တွင် လာရောက် ဖမ်းဆီးသွားခြင်း ဖြစ်သည်ဟု သိရသည်။

ထို့အပြင် ပရဟိတအဖွဲ့က အသုံးပြုနေသည့် လူနာတင်ကားနှင့် ဆိုင်ကယ်တစ်စီးကိုလည်း စစ်ကောင်စီ တပ်ဖွဲ့ ဝင်များက ၎င်းတို့အား ဝင်ရောက်ဖမ်းဆီးစဉ် သိမ်းဆည်းသွားသည်ဟု ဒေသခံများက ပြောသည်။

သိမ်းဆည်းသွားသည့် အရေးပေါ် လူနာတင်ကားသည် အများပြည်သူက စုပေါင်းလှူဒါန်းထားသည့် ကားဖြစ်ပြီး ရုံးခန်းအတွင်းရှိ ဆေးဝါများကိုလည်း ယူဆောင်သွားသည်ဟုသိရသည်။

ထားဝယ်မြို့အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များက လုံခြုံရေး တင်းကျပ်မှုများရှိနေသည့် အပြင် အပြစ်မဲ့ ပြည်သူ များကိုလည်း နေ့စဉ် နေ့ရော ညပါ စစ်ဆေး ဖမ်းဆီးမှုများ ရှိနေသည်ဟု သိရသည်။