လယ်သိမ်းမည်ဟု ခြိမ်းခြောက်သော အုပ်ကြီးအိမ် ဗုံးကွဲ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ ဇန္နဝါရီလ ၂၆ ရက်။
လယ်သမားများအား စိုက်ဘဏ်ချေးငွေ ပြန်မဆပ်ပါက လယ်သိမ်းမည်ဟု ခြိမ်းခြောက်နေသော ကျေးရွာအုပ်ချုပ်ရေးမှူး၏ နေအိမ်တွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့သည်။
ဧရာဝတီတိုင်း၊ ဘိုကလေးမြို့နယ်ထဲက မလော့ကျေးရွာအုပ်ချုပ်ရေးမှူး ဦးဆန်းဦးနေအိမ် ဇန္နဝါရီလ ၂၄ ရက်နေ့ ည ၁၁ နာရီခန့်က ဗုံးပေါက်ကွဲခဲ့ခြင်း ဖြစ်သည်ဟု ဒေသခံများက ပြောသည်။
“တစ်ရွာလုံး တိတ်နေတဲ့ အချိန်ဆိုတော့ ‘ဝုန်း’ ဆိုတဲ့ အသံက အတော်ကျယ်တယ်။ ထွက်မကြည့်ရဲကြဘူး။ နောက်မှ အုပ်ကြီးအိမ် ဗုံးခွဲခံရတာ သိရတယ်” ဟု ဒေသခံရွာသား တစ်ဦး ကပြောသည်။
ဗုံးဖေါက်ခွဲခံခဲ့ရသည့် မလော့ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးဆန်းဦးသည် ဒေသခံများအား စိုက်ဘဏ် ချေးငွေ မဆပ် ပါက လယ်သိမ်းမည်၊ ကိုဗစ်-၁၉ ကာကွယ်ဆေး မထိုးပါက တရားစွဲ မည်၊ ကျောင်းသား/သူများ နှင့် ဆရာ/ ဆရာမများအား ကျောင်းမတက်ပါက ဖမ်းမည်ဟု ခြိမ်းခြောက်နေသည့် အုပ်ချုပ်ရေးမှူး ဖြစ်သည်ဟု ဒေသခံ အချို့က ပြောသည်။
ထို့အပြင် “တချို့သူတွေက ဒီရွာမှာ ပျံကျ လာနေကြတော့ အိမ်ထောင်စု ဇယား မရှိကြဘူး။ အဲ့ဒီ မိသားစုတွေစီ က တပါတ် ၁၀၀၀ ကျပ် ဧည့်စာရင်း တိုင်ခလည်း အတင်းအကြပ် တောင်းတာဘဲ” ဟု ဒေသခံတစ်ဦးက ပြော သည်။
ယမန်နေ့က ဗုံးပေါက်ကွဲမှုသည် ကျေးရွာအုပ်ချုပ်ရေးမှူး၏ အိမ်ခြံဝန်းအတွင်း ပေါက်ကွဲခဲ့ခြင်း ဖြစ်ပြီး လူထိခိုက် မှု မရှိခဲ့ပေ။
ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ နှင့် ရဲတပ်ဖွဲ့ဝင်များ လာရောက် စစ်ဆေးမှုများ လုပ်ဆောင်ခဲ့ပြီး ပေါက်ကွဲမှုမှာ လက်လုပ်မိုင်း ပေါက်ကွဲခြင်းဖြစ်သည်ဟု စစ်ဗိုလ်တစ်ဦးက ပြောသွားကြောင်း ကျေးရွာအုပ် ချုပ်ရေး အဖွဲ့နှင့် နီးစပ်သူများထံမှ သိရသည်။
ယင်း ဗုံးဖောက်ခွဲမှုကို ဘိုကလေးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ပေါင်းစု ဖြစ်သည့် ပြည်သူ့ကာကွယ်ရေး တပ် ဖွဲ့၊ လင်းပိုင်အဖွဲ့၊ ဧရာဝတီနဂါးဖြူ အဖွဲတို့က လုပ်ဆောင်ခဲ့သည်ဟု ထုတ်ပြန်ထားသည်။
ဒေသခံများက မတရားဖိနှိပ် ခံနေရကြောင်း အကြောင်းကြားလာသည့် အတွက် ထိခိုက်နစ်နာမှုမရှိအောင် သတိ ပေး ဖောက်ခွဲခဲ့ခြင်းသာ ဖြစ်သည်ဟု ပြည်သူ့ ကာကွယ်ရေး တပ်ပေါင်းစု၏ ထုတ်ပြန်ချက်တွင် ဖော်ပြပါ ရှိ သည်။
“အုပ်ချုပ်ရေးမှူးက စစ်တပ်အကြိုက်လုပ်နေပြီး ရွာမှာ ဟောက်တာဟိန်းတာ အကြပ်ကိုင် ခြိမ်းခြောက် လုပ် ခိုင်းတာများတော့ ရွာနဲ့ မသင့်မြတ်ဘူး” ဟု အသက် ၆၅ နှစ် အရွယ်ခန့်ရှိသူ မလော့ကျေးရွာက ရွာမိရွာဖတစ်ဦး က ပြောသည်။
ဘိုကလေးမြို့နယ် ဒေသခံ PDF များက ရပ်/ကျေး အုပ်ချုပ်ရေးမှူးအား ပြည်သူများအပေါ် အနိုင်မကျင့်ရန် နှင့် စစ်တပ်၊ ရဲ သတင်းပေး မလုပ်ကြရန် မကြာခဏ သတိပေး လျှက်ရှိပြီး နိုဝင်ဘာ ၉ ရက်နေ့ကလည်း စိန်ဟိုင်းရွာ အုပ်ချုပ်ရေးမှူး အိမ်အား ဗုံးပေါက်ခွဲ သတိပေးခဲ့သည့် ဖြစ်စဉ်လည်း ရှိခဲ့သည်ဟု ဒေသခံများ၏ ပြောပြချက်အရ သိရသည်။