လွိုင်ကော်တွင် လူငယ်အလောင်း ၆ လောင်း တွေ့

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ ဇန္နဝါရီလ ၂၇ ရက်။

စစ်ကောင်စီတပ်များ နယ်မြေရှင်းလင်းရေး လုပ်ခဲ့သည့် လွိုင်ကော်မြို့နယ်အတွင်း ယနေ့ နံနက်ပိုင်းတွင် ကရင်နီ လူငယ် ၆ ဦး၏ အလောင်းများ တွေ့ရှိခဲ့သည်ဟု ကရင်နီ လူ့အခွင့်အရေး အဖွဲ့က ပြောသည်။

စစ်ကောင်စီတပ်များ ဝင်ရောက်စစ်ဆေးရှာဖွေမှုများလုပ်ဆောင်ခဲ့သည့် ကျေးရွာ ရပ်ကွက်များထဲက လူငယ်အချို့ ပျောက်ဆုံးမှုများ ရှိခဲ့ရာမှ အလောင်းများ တွေ့ရှိခဲ့ခြင်း ဖြစ်သည်။

စစ်ကောင်စီတပ်က ကရင်နီပြည်နယ် လွိုင်ကော်မြို့နယ်ထဲတွင် ဇန္နဝါရီလ ၂၄ ရက်နေ့ခန့်မှ စတင်ပြီး နယ်မြေရှင်း လင်းရေးပုံစံမျိုးဖြင့် ရပ်ကွက်အချို့ကို ဝင်ရောက်စစ်ဆေးခြင်း၊ မသင်္ကာသည့်သူများကို ဖမ်းဆီးသွားခြင်းများ ရှိ ခဲ့သည်။

ကရင်နီလူ့အခွင့်အရေး အဖွဲ့ ဒါရိုက်တာ ဦးဗညားက “ဒီရက်သွား တွေ့ တော့ အိမ်သာကျင်းထဲမှာ ထည့်ထားတာတွေ တွေ့ရတယ်။ အဲ့ထဲမှာ အမျိုးသားငယ်တွေဖြစ်တဲ့ ၁၈ နှစ်နဲ့ ၂၅ နှစ် ဝန်းကျင်ဖြစ်တယ်။ နောက်သူ တို့ ခြေတွေလက်တွေ တုတ်ထားတာ ရှိတယ်။ ရိုက်ချိုးထားတာပေါ့နော်။ ကိုယ် ခန္ဓာမှာဆို ဒီခေါင်းတို့ ပါးစပ် တို့မှာဆိုရင် ထိုးကြိတ်ပြီးတော့ ပြဲနေတယ်ဆိုတဲ့ ပုံစံကိုတွေ့ရတယ်။ ရောင်ကိုင်း နေတာကို တွေ့ရတယ်။ ပြီးတော့ ကိုယ်ခန္ဓာမှာ ဖောက်ထွင်းကျည်ဒဏ်ရာတွေ တွေ့ရတာရှိတယ်” ဟု ပြော သည်။

ယနေ့တွေ့ခဲ့ရသည့် လူငယ် ၆ ဦး၏ အလောင်းများတွင် သေနတ်ဒဏ်ရာများ၊ ဖောက်ထွင်းဒဏ်ရာများ၊ နှိပ် စက် ရိုက်နှက်ခံထားရသည့် ဒဏ်ရာများအပြင် ၎င်းတို့၏ လက်များ၊ ခြေများကိုလည်း ရိုက်ချိုးခံထားရသည် ဟု ဆို သည်။ သေဆုံးသူများသည် နာနတ်တောရပ်ကွက်နှင့် နောင်ယားရပ်ကွက်က လူငယ်များ ဖြစ်နိုင်သည်ဟု ဦးဗညားက ဆက်ပြောသည်။

“ဒေါပေါ်ကလဲကျေးရွာအုပ်စု သူကရေယိုရပ်ကွက်ထဲမှာပေါ့၊ နာနတ်တောနဲ့ ကပ်လျက်ပဲ အဲ့ဒီခြံဝန်းထံက အိမ် သာကျင်းထဲမှာ အမျိုးသား ၆ ဦးပေါ့နော် သေဆုံးတာတွေ့ရတယ်။ အဲ့ဒီ ၆ ဦးက ကျနော်တို့ သိရသလောက်က ၂၄-၂၅ ရက်ကတည်းက ပျောက်ဆုံးနေတဲ့ ဒီနာနတ်တောနဲ့ နောင်ယားရပ်ကွက်က လူငယ်တွေ ဖြစ်ဖို့ များတယ် လို့ ကျနော်တို့က သတ်မှတ်ထားတယ်ပေါ့။ ဘာလို့လဲဆိုတော့ အဲ့ဒီရေယိုကျေးရွာ အဲ့ဒီနားကျေးရွာက လူ ပျောက်စာရင်းလည်းမရှိဘူး။

ဇန္နဝါရီလ ၂၄ ရက်နေ့နှင့် ၂၅ ရက်နေ့တို့တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက လွိုင်ကော်မြို့က ရပ်ကွက်များထဲ ဝင်မွှေရှာဖွေစစ်ဆေးမှုများ နေ့ရော ညပါ လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။

အထူးသဖြင့် နောင်ယားရပ်ကွက်အပိုင်းဖြစ်သည့် နောင်ယား (က) နှင့် (ခ)၊ ဒေါဥခူ ရပ်ကွက်၊ နာနတ်တော၊ မြို့ နှင့် နီးသည့် ပါဒိုကျေးရွာ၊ လူငယ် ၆ ဦး အလောင်းတွေ့ရှိခဲ့ရသည့် ရေယိုကျေးရွာတို့ကို နယ်မြေရှင်းလင်းရေး ပုံစံမျိုး စစ်ကောင်စီက ဝင်ရောက်ခဲ့ခြင်း ဖြစ်သည်။

ယနေ့တွေ့ရှိခဲ့ရသည့် လူငယ်များ၏ အလောင်းများကို ကြည့်ခြင်းအားဖြင့် ၂၅ ရက်နေ့ ကတည်းက သေဆုံးနေ သူများ ဖြစ်နိုင်သည်ဟုလည်း အိမ်ရှင်က ဆိုသည်။ အိမ်ရှင်ဖြစ်သူက ရိက္ခာပြန်လာယူရင်း အပုပ်နံ့များရသည့် အတွက် ရှာဖွေရာမှာ အိမ်နောက်ဖေးရှိ အိမ်သာအတွင်း သေနေသည့်အလောင်းများကို တွေ့ခဲ့ခြင်း ဖြစ်သည်ဟု ပြောသည်။

သေဆုံးသူများ၏ အလောင်းများကို လွိုင်ကော်ပရဟိအသင်းက သယ်ဆောင်သွားပြီ ဖြစ်သည်။

ထို့အပြင် ဇန္နဝါရီလ ၁၂ ရက်နေ့ မင်းစုရပ်ကွက်မှ ပျောက်ဆုံးနေသူများကိုလည်း ယနေ့အချိန်ထိ မတွေ့ရသေး သလို တစ်စုံတစ်ရာ အဆက်အသွယ် မရသေးဘူးဟု ဦးဗညားက ဆက်ပြောသည်။

“အရင်တလောတုန်းကလည်း မင်းစုရပ်ကွက်မှာလည်း ၈ ယောက်အဖမ်းခံလိုက်ရတယ်။ အခုချိန်ထိ သတင်း အချက်လည်း စုံစမ်းလို့မရသေးတာလည်း ရှိပါသေးတယ်။ ဇန္နဝါရီ ၁၂ ရက်နေ့ ဝန်းကျင်အချိန်မှာ ၈ ယောက် ဖမ်းဆီးခံရတာလည်း သိရပါတယ်။ နောက်ပြီးတော့ ဖမ်းဆီးခံရတာသိပြီး ပျောက်ဆုံးသွားတဲ့ဟာကတော့ တော်တော်များတယ်။ ၂၀၀ ကျော်တယ်။ ဒါပေမယ့် ဒီလိုအဖမ်းဆီးခံရပြီးနောက်ပိုင်း လုံးဝကို အဆက်အသွယ် ပြတ်သွားတာကတော့ အခုဆိုရင် ၅၀ အထက်တော့ ကျော်သွားပြီပေါ့။ တချို့က ဖမ်းဆီးခံရတယ်၊ ပြန်တွေ့ တယ်။ ပြန်လိုက်တယ် သို့တည်းမဟုတ် ထောင်ထဲရောက်သွားတယ်။ မဟုတ်လည်း ပြန်လွတ်လာတယ်ပေါ့ နော်”

ယနေ့သေဆုံးလျှက်တွေ့ခဲ့ရသည့် လူငယ်များအတွက် တရားမျှတမှုရရှိရေး၊ ကျူးလွန်သူများကို တရားဥပဒေ နည်းကျအတိုင်း အပြစ်ပေးအရေး ယူနိုင်ရေး ဆက်လက်လုပ်ဆောင်သွားမည်ဟု ကရင်နီလူ့အခွင့်အရေးအဖွဲ့ တာဝန်ရှိသူက ပြောသည်။ ထို့အပြင် ပျောက်ဆုံးနေသူများကိုလည်း ဆက်လက်ရှာဖွေများ လုပ်ဆောင်နေသည် ဟု ဆိုသည်။

ကရင်နီလူမှုအသင်းအဖွဲ့များကွန်ရက်၏ ဇန္နဝါရီလ ၁၆ ရက်နေ့တွင် ထုတ်ထားသည့် နှစ်ပတ်တစ်ကြိမ် စစ် ကောင်စီ၏ လူ့အခွင့်အရေးချိုးဖောက်မှု ထုတ်ပြန်ချက်အရ ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ဇန္နဝါရီလ ၁၆ ရက်နေ့ အထိ ပြည်နယ်အတွင်း အရပ်သားသတ်ဖြတ်ခံသူ ၁၉၈ ဦး၊ ဖမ်းဆီးခံထားရသူ ၂၆၈ ဦး ရှိပြီဟု သိရသည်။


ဓါတ်ပုံ – Progressive Karenni People Force – PKPF