ကွတ်ခိုင်အနီး ကိုးကန့်တပ်နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲပြင်းထန်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ ဇန္နဝါရီလ ၂၈ ရက်။

ရှမ်းပြည်နယ် မြောက်ပိုင်း၊ ကွတ်ခိုင်မြို့အနီးရှိတွင် စစ်ကောင်စီတပ်နှင့် ကိုးကန့်တပ်မတော် MNDAA တို့အကြား တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားနေသည်ဟု ဒေသခံများက ပြောသည်။

ကွတ်ခိုင်မြို့နယ်၊ ကုန်းဆာကျေးရွာထဲတွင် နှစ်ဖက်ကြား ဇန္နဝါရီလ ၂၈ ရက်နေ့ (ယနေ့) နေ့လည် ၁ နာရီခန့်မှ စတင်ပြီး တိုက်ပွဲများ ပြင်းထန်စွာဖြစ်ပွားခဲ့ပြီး ရွာသားများလည်း စစ်ဘေးလွတ်ရာကို ထွက်ပြေးခဲ့ကြရသည်ဟု သိရသည်။

“တိုက်ပွဲက ၁ နာရီလောက်ကစဖြစ်တာပါ။ ရွာထဲပဲ ဖြစ်နေကြတာဟုတ်တယ်။ ဖြစ်ဖြစ်ချင်း ရွာသားတွေက ဗုံး ခိုကျင်းထဲမှာ ပုန်းကြတယ်။ သေနတ်တွေ ဆက်တိုက်ပစ်တယ်။ လက်နက်ကြီးအသံလည်း ကြားတယ်။ သေ နတ်သံလည်း ဆက်တိုက်ကြားရတယ်။ မနေ့ကစပြီး အခြေအနေက မကောင်းဘူးဟုတ်တယ် ဒီမှာက” ဟု ဒေသခံတစ်ဦးက ပြောသည်။

ယနေ့တိုက်ပွဲဖြစ်ပွားခဲ့သည့် ကုန်းဆာကျေးရွာတွင် ယမန်နေ့ကတည်းက နှစ်ဖက်ကြား စစ်ရေး တင်းမာနေပြီး ပစ်ခတ်မှု အနည်းအကျဉ်းရှိခဲ့သည်ဟု ကွတ်ခိုင်ဒေသခံတစ်ဦးက ပြောသည်။

ကွတ်ခိုင်မြို့ ပန်းတေးကျေးရွာက ဒေသခံတစ်ဦးက “မနေ့ကလည်း ဒီမှာ ပစ်ကြတယ်။ ကျနော်တို့ ပန်းဆေးနဲ့ ကုန်းဆာက နီးနီးလေးပါ။ မနေ့က ဖြစ်တာက ကျနော်တို့ရွာနဲ့ ကုန်းဆာကြားက တောထဲမှာဖြစ်တာပေါ့နော်။ ဒီနေ့ကတော့ ကုန်းဆာရွာထဲမှာကို ပစ်ကြတာပါ။ အခု ကန်းဆာက လူအားလုံးနီးပါး ထွက်ပြေးကုန်ပြီ။ ဒီရွာ တွေက ခနခန တိုက်ပွဲဖြစ်တော့ လူတွေ သိပ်မနေကြဘူး။ နည်းနည်းပါးပါးနေကြတာ။ ဒီညနေဆို ဘယ်သူမှ မရှိတော့ဘူး” ဟု ပြောသည်။

စစ်ကောင်စီတပ်နှင့် ကိုးကန့်တပ်တို့အကြား တိုက်ပွဲဖြစ်ပွားနေချိန်တွင် ကွတ်ခိုင်မြို့အခြေစိုက် စစ်ကောင်စီတပ် ဗျူဟာကုန်းဘက်က ကုန်းဆာကျေးရွာဘက်ကို လက်နက်ကြီးများဖြင့် ပစ်ခတ်မှုများရှိခဲံသည်ဟု ဒေသခံများက ပြောသည်။

ယနေ့ဖြစ်ပွားသည့် တိုက်ပွဲသည် ၃ နာရီကျော်အကြာထိဖြစ်ပွားခဲ့ပြီး ကျေးရွာအတွင်းရှိ သက်ကြီးရွယ်အိုများ၊ မသန်စွမ်းသူများကို ညနေပိုင်းအချိန်ခန့် ဘေးလွှတ်ရာသို့ ပြောင်းရွှေ့နိုင်ခဲ့သည်ဟု ဒေသခံများက ဆိုသည်။

သို့သော် ထိခိုက်ဒဏ်ရာရရှိမှုနှင့် ကျေးရွာအတွင်း ပျက်စီးမှု အခြေအနေများကို မသိရသေးဘူးဟု ကွတ်ခိုင်မြို့ကို ထွက်ပြေးရောက်ရှိနေသည့် ကုန်းဆာကျေးရွာက စစ်ရှောင်က ပြောသည်။

စစ်ကောင်စီတပ်နှင့် ကိုးကန့်တပ်မတော် MNDAA တို့အကြား ကွတ်ခိုင်မြို့အပြင် မုံးကိုး၊ ဖောင်းဆိုင်၊ ကြူကုတ်၊ ပန်းဆိုင်းတို့တွင် ယနေ့အချိန်ထိ တိုက်ပွဲများ မကြာခနပြန်လည်ဖြစ်ပွားလျှက်ရှိပြီး နှစ်ဖက်ကြား တိုက်ပွဲများ သည် သိန္နီ၊ လားရှိုးဘက်တို့တွင်လည်း ရံဖန်ရံခါဖြစ်ပွားလျှက်ရှိသည်။

ဇန္နဝါရီလ ၂၇ ရက်နေ့တွင် စစ်ကောင်စီတပ်နှင့် ကိုးကန့်တပ်မတော် MNDAA တို့အကြား မုံးကိုးခရိုင်အတွင်း နေ ရာအနှံ့တွင်တိုက်ပွဲဖြစ်ပွားခဲ့ပြီး မန်းတုံဒေသအရှေ့ဘက်တွင် အခြေချသည့် စစ်ကောင်စီတပ်ကိုလည်း MNDAA Sniper တပ်မဖွဲ့များက ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု The Kokang က ၎င်းတို့၏ လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားထုတ်ပြန်ထားသည်။