မပေါက်သေးသော လက်နက်ကြီးများကြောင့် ကွတ်ခိုင်ဒေသခံများ စိုးရိမ်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ ဇန္နဝါရီလ ၂၉ ရက်။
ရှမ်းပြည်နယ် မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ် ကုန်းဆာကျေးရွာတွင် စစ်ကောင်စီတပ်နှင့် ကိုးကန့်တပ်မတော် (MNDAA) တပ်ဖွဲ့တို့ ယမန်နေ့က တိုက်ပွဲကြောင့် ကျေးရွာထဲသို့ စစ်ကောင်စီ၏ လက်နက်ကြီးများ ကျရောက်ခဲ့ ရာ မပေါက်ကွဲသေးသည်များ ရှိသောကြောင့် ရွာသားများ စိုးရိမ်နေကြသည်။
စစ်ကောင်စီ၏ လက်နက်ကြီးကျည် ကျရောက်ခဲ့သည်နှင့် ပတ်သက်၍ ရွာသားတစ်ဦးက “ရွာထဲက အိမ်တစ်လုံး အောက်မှာ လက်နက်ကြီး တစ်လုံးကျနေတယ်။ မပေါက်သေးဘူး။ အဲ့ဒီအိမ်မှာလည်း ဘယ်သူမှ မနေရဲတော့ ဘူးလေ” ဟု ပြောသည်။
ဇန္နဝါရီလ ၂၈ ရက်နေ့၊ မွန်းလွဲပိုင်း ၁ နာရီအချိန်ခန့်တွင် ကွတ်ခိုင်မြို့ရဲ့ အနောက်ဘက်ခြမ်း ကုန်းဆာကျေးရွာထဲ အထိ စစ်ကောင်စီတပ်နှင့် ကိုးကန့်တပ်မတော် (MNDAA)တပ်ဖွဲ့တို့ အကြား ၃ နာရီကျော်အကြာ တိုက်ပွဲ ပြင်းပြင်းထန်ထန်ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
အဆိုပါတိုက်ပွဲတွင် စစ်ကောင်စီ၏ ကွတ်ခိုင်မြို့မ အမြောက်တပ်ကနေ လက်နက်ကြီး ၁၅ လုံး ထက် မနည်းပစ် ကူခဲ့ခြင်း ဖြစ်သည်။
ကျေးရွာအတွင်းက အခြားနေရာများတွင်လည်း လက်နက်ကြီး လက်နက်ငယ်ကျည်များ ကျရောက် ပေါက်ကွဲခဲ့သည်ဟု ဆိုသည်။
“လက်ရှိမှာ ရွာသားတွေ ထိခိုက်မူမရှိဘူး။ ကုန်းဆာရွာထဲ လက်နက်ကိုင်တပ်ဖွဲ့တွေ သွားလာလှုပ်ရှားတာ မတွေ့ ရတော့ပေမယ့် ဘယ်ချိန်တိုက်ပွဲ ပြန်ဖြစ်လာမလဲကို စိုးရိမ်နေရတယ်” ဟု ကုန်းဆာရွာသား တစ်ဦးက ပြောသည်။
ကုန်းဆာကျေးရွာသည် အိမ်ခြေ ၁၅ အိမ်ခန့်၊ လူဦးရေ အယောက် ၅၀ ခန့်ရှိပြီး စစ်ကောင်စီတပ်နှင့် ညီနောင် မဟာမိတ်တပ်များဖြစ်ကြသည့် (AA, TNLA, MNDAA)တပ်ဖွဲ့တို့အပြင် KIAတပ်ဖွဲ့တို့လည်း သွားလာလှုပ်ရှားကြ သည့် နယ်မြေတစ်ခုလည်း ဖြစ်နေသည်။