ဆိုင်မဖွင့်ပါက ဆိုင်ခန်းနှင့် ပစ္စည်းသိမ်းမည်ဟု ဦးခက်ထိန်နန် ခြိမ်းခြောက်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ ဇန္နဝါရီလ ၂၉ ရက်။
မြစ်ကြီးနား မြို့မရပ်နှင့် မင်းရပ်တို့ရှိ ဈေး (၁) နှင့် ဈေး (၂) ရှိ ဆိုင်ခန်းများကို ဖေဖော်ဝါရီ (၁)ရက်တွင် ဆိုင်ဖွင့်ခိုင်းရန် ဈေးတာဝန်ရှိသူများကို စစ်ကောင်စီခန့် ကချင်ပြည်နယ် ဝန်ကြီးချုပ်က အစည်းအဝေးခေါ်ကာ ညွှန်ကြားထားကြောင်း ဈေးတာဝန်ရှိသူ တစ်ဦးက ပြောသည်။
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ မြို့မရပ်ကွက်နှင့် မင်းရပ်ရပ်ကွက်တွင် ရှိ စည်ပင်သာယာပိုင်စျေး (၁) နှင့် စျေး(၂) ဆိုင်ခန်းပိုင်ရှင်များကို ဖေဖော်ဝါရီလ ၁ ရက်နေ့ မဖြစ်မနေ ဆိုင်ဖွင့်ခိုင်းကြရန် တာဝန်ရှိသူများကို စစ်ကောင်စီခန့် ကချင်ပြည်နယ်ဝန်ကြီးချုပ် ်တိုင် အစည်းအဝေးခေါ်ကာ ညွှန်ကြားထားသည်။
စျေးတာဝန်ရှိသူများကို ဦးခက်ထိန်နန် က ဇန္နဝါရီလ ၂၇ ရက်နေ့က အစည်းဝေးခေါ်ကာ ညွန်ကြား ထားခြင်း ဖြစ်သည်ဟု သိရ သည်။
“အဓိက ကတော့ အဲ့ဒီနေ့ စျေးမပိတ်ဖို့ ဆိုင်ခန်းရှင်တွေ ဆိုင်ဖွင့်ဖို့ ပိတ်ရင်တော့ ဥပဒေအရ အရေးယူမယ်လို့ ပြောတယ်။ ဝန်ကြီးချုပ်က အစည်းအဝေးမှာတော့ ဆိုင်ခန်းကို ပိတ်သိမ်းပြီးတော့ လူကိုအရေးယူပြီး ပစ္စည်းတွေ သိမ်းမယ်လို့ ပြောသွားတယ်” ဟု စျေးတာဝန်ရှိသူတစ်ဦးက ပြောသည်။
စစ်တပ်က အာဏာသိမ်း တစ်နှစ်ပြည့်ချိန် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် ပြည်သူလူထုအားလုံး နံနက် ၁၀ နာရီမှ ညနေ ၄ နာရီ အတွင်း အိမ်ပြင်မထွက်ဘဲ အသံတိတ်သပိတ် Silence Strike ပြုလုပ်၍ စစ်အာဏာရှင်ကို အလိုမ ရှိကြောင်း ဆန္ဒပြကြရန် နိုင်ငံရေးတက်ကြွလှုပ်ရှားသူများက တိုက်တွန်းပြောဆိုနေခြင်းကြောင့် ဆိုင်ဖွင့်ကြရန် ဖော်ပြထားသော သတိပေးစာများလည်း လိုက်ပေးနေသည်ဟုလည်း စျေးတာဝန်ရှိသူတစ်ဦး က ပြောသည်။
ဖေဖော်ဝါရီလ ၁ ရက်နေ့သည် တရုတ်နှစ်သစ်ကူးနေ့နှင့်လည်း တိုက်ဆိုင်နေသော်လည်း တရုတ်လူမျိုး ဆိုင်ပိုင် ရှင်များ အနေဖြင့် ဆိုင်မဖြစ်မနေ အဖွင့်ပြ၍ နေ့လည်ပိုင်းကျမှ ပြန်ပြီးပိတ်ရန် အထွေထွေ အုပ်ချုပ်ရေး ဦးစီး ဌာနမှ စာများ ဝေသွားသည်ဟု သိရသည်။
အဆိုပါစာကို အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြစ်ကြီးနားမြို့နယ် စခန်းမှူးနှင့် မီးသတ်တပ်ဖွဲ့ဝင် များက မြစ်ကြီးနား စည်ပင်သာယာစျေး (၁)နှင့် စျေး (၂) အတွင်းက ဆိုင်ခန်းပိုင်ရှင်များကို ပေးဝေသွားခြင်း ဖြစ် သည်ဟု စျေးဆိုင်ပိုင်ရှင်အချို့က ပြောသည်။
ရန်ကုန်၊ မန္တလေး နှင့် ပြင်ဦးလွင်မြို့ အပါအဝင် မြို့ကြီးအချို့တွင်လည်း ဖေဖော်ဝါရီလ ၁ ရက်နေ့ ဆိုင်မဖွင့်ရန် လူမှုကွန်ရက်စာမျက်နှာများပေါ်တွင် မျှဝေသူအချို့ ဖမ်းဆီးခံနေရပြီး ဆိုင်အချို့လည်း ချိတ်ပိတ်ခံရမှုများ ရှိနေ သည်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၂၂ ရက်နေ့ကပြုလုပ်သည့် နှစ်ငါးလုံး ပြည်လုံးကျွတ် သပိတ် လူထုဆန္ဒဖော်ထုတ်ပွဲ နှင့် ဒီဇင်ဘာ ၁၀ ရက်နေ့ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်ရေးနေ့ကလည်း အသံတိတ်သပိတ် ဆန္ဒဖော်ထုတ်မှုတွင် နိုင်ငံတဝှမ်းက ပြည်သူများက ပါဝင်ခဲ့ကြသည်။
ယခု တတိယအကြိမ်မြောက်အဖြစ် စစ်အာဏာရှင်ကို အလိုမရှိသူတိုင်း စစ်တပ် အာဏာသိမ်းမှုကို ဆန့်ကျင် သည့် တိတ်ဆိတ်ခြင်း အသံတိတ်သပိတ်များကို မြန်မာနိုင်ငံဒေသ အသီးသီးတွင် ပြုလုပ်ကြရန် တော်လှန်ရေး အင်အားစုများက ပြည်သူလူထုကို တိုက်တွန်းထားသည်။
သို့သော် အသံတိတ်သပိတ် ပါဝင်ဆင်နွဲသူများကို နိုင်ငံတော် အကြည်ညို ပျက်စေမှု ပုဒ်မ ၅၀၅-က၊ နိုင်ငံတော် ပုန်ကန်မှု ဥပဒေ ၁၂၄-က၊ အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၂-ကနှင့် အီလက်ထရောနစ် ဥပဒေပုဒ်မ ၃၃-က စ သည့် ပုဒ်မများဖြင့် ဖမ်းဆီးအရေးယူမည်ဟု စစ်ကောင်စီက ဇန္နဝါရီလ ၂၅ ရက်နေ့က ထုတ်ပြန်ထားသည်။