မအူပင်ရဲများ ကားမှောက်၊ ကျိန်စာသင့်ခြင်းဟု ဒေသခံအချို့ပြော

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ ဇန္နဝါရီလ ၂၉ ရက်။

ကိုယ်ဝန်ဆောင်ထားသည့် အသက် ၂၅ နှစ် အရွယ် အမျိုးသမီးတစ်ဦးကို သေဆုံးစေသည့်တိုင် နှိပ်စက် စစ်ဆေးခဲ့ ကြသည့် ဧရာဝတီတိုင်း မအူပင်မြို့မ ရဲစခန်းမှ ရဲအုပ် နှင့် ရဲတပ်ဖွဲ့ဝင်များ ကားမှောက်မှု ဖြစ်ပွားသည်ဟု သိရသည်။

ဇန္နဝါရီလ ၂၆ ရက်နေ့ မွန်းလွဲပိုင်းတွင် ကျုံစုတ်ကျေးရွာသို့ တရားခံတစ်ဦးအား ဖမ်းဆီးရန်သွားသည့်လမ်းတွင် တိမ်းမှောက်ခဲ့ခြင်းဖြစ်ပြီး ရဲအုပ်ဝင်းမြင့် နံရိုးကျိုးကာ အမှတ် (၁) ရပ်ကွက် နယ်ထိန်း အောင်အောင် ပွန်းပဲ့ ပေါက်ပြဲဒဏ်ရာများ ရရှိခဲ့သည်ဟု ရဲတပ်ဖွဲ့နှင့် နီးစပ်သူများက ပြောသည်။

“ယာဉ် နဲ့ စက်ချို့ယွင်းလို့ ကားမှောက်တာ မဟုတ်ဘူး။ လူက မဆင်မခြင် မောင်းလို့မှောက်တာ” ဟု ယာဉ်ထိန်း တပ်ဖွဲ့နှင့် နီးစပ်သူ တစ်ဦး က ပြောသည်။

၎င်းတို့ ၂ ဦးသည် စည်ပင် အောက်ခြေ ဝန်ထမ်းတစ်ဦး၏ ဇနီး ကိုယ်ဝန်သည် မတင်မော်လင်း ၂၅ နှစ်ကို ပစ္စည်း ပျောက်ဆုံးမှုနှင့် ပတ်သက်၍ မသင်္ကာသဖြင့် ဖမ်းဆီးပြီးနောက် ခိုးယူသည်ဟု စွပ်စွဲပြီး သေဆုံးသည့်တိုင် နှိပ်စက် စစ်ဆေးခဲ့ကြသူများ တွင် ပါဝင်ခဲ့သူများ ဖြစ်သည်ဟု မအူပင်မြို့ခံ အများစုက ဆိုသည်။

၎င်းတို့ စီးနင်းပြီး မှောက်သွားသည့် ကားမှာလည်း PDF နှင့် ပတ်သက်သည်ဟု စွပ်စွဲကာ ဖမ်းဆီးထားသည့် မြို့ခံ တစ်ဦး၏ ကားဖြစ်သည်။

“မအူပင်ရဲတွေက မြို့ခံတွေကို အကြောင်းအမျိုးမျိုးပြ ငွေညှစ်တယ်။ နှိပ်စက်တယ်။ ပစ္စည်းသိမ်းယူတယ်။ လူသတ်တယ်။ ကျိန်စာသင့်ကြမယ့်ဟာတွေ” ဟု မအူပင် မြို့မဈေးက ဈေးသည်တစ်ဦး က ပြောသည်။

ဇန္နဝါရီလ တတိယအပါတ် အတွင်းကလည်း မတင်မော်လင်းအား အသက်သေသည့်တိုင် နှိပ်စက် စစ်မေးရာတွင် ပါဝင်သည့် မအူပင်မြို့မရဲစခန်းက နယ်ထိန်းရဲ မောင်မောင် ဆိုသူလည်း ဆေးကြောင်နေသူ တစ်ဦးက ဓားဖြင့် ခုတ်ခဲ့သည့်အတွက် ဆေးကုသမှုခံယူနေရသည်ဟု မအူပင်မြို့ခံများ၏ ပြောပြချက်အရ သိရသည်။

ကိုယ်ဝန်ဆောင် မတင်မော်လင်းနှင့် သူမ၏ ခင်ပွန်းဖြစ်သူတို့ကို မအူပင်ရဲတပ်ဖွဲ့က ဒု-ဦးစီးမှူး၏ နေအိမ်တွင် ရွှေထည်ပစ္စည်းများ ပျောက်ဆုံးမှုနှင့် ဆက်စပ်၍ ဖမ်းဆီးခံခဲ့ပြီး မအူပင်ရဲတပ်ဖွဲ့ဝင်များ ရိုက်နှက်စစ်ဆေးမှု ကြောင့် မတင်မော်လင်းသည် နိုဝင်ဘာ ၉ ရက်နေ့ ညက ရဲစခန်းတွင် သေဆုံးခဲ့ခြင်း ဖြစ်သည်။