လူသားချင်းစာနာထောက်ထားမှု အကူအညီများပေးရန် ပြည်သူ့ ညီလာခံက တောင်းဆို

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ ဇန္နဝါရီလ ၃၁ ရက်။

စစ်ကောင်စီ၏ ပုံစံ အမျိုးမျိုးဖြင့် ပစ်မှတ်ထားတိုက်ခိုက်ခံရသည့် ပြည်သူများအား အကာအကွယ်ပေး နိုင်သည့် နေရာသတ်မှတ်ပေးရန်နှင့် ထွက်ပြေးတိမ်းရှောင်နေကြရသည့် ပြည်သူများကို လူသားချင်း စာနာ ထောက်ထား မှု အကူအညီများပေးရန် ပထမအကြိမ် ပြည်သူ့ ညီလာခံမှ နိုင်ငံတကာ အသိုင်းအဝန်းအား တောင်းဆို လိုက် သည်။

ဇန္နဝါရီလ ၂၇ ရက်နေ့မှ ၂၉ ရက်နေ့ အထိ အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံ ကောင်စီ NUCC မှ ကမကထ ပြုလုပ်ကာ ကျင်းပခဲ့သည့် ပထမအကြိမ် ပြည်သူ့ညီလာခံ အပြီးတွင် တောင်းဆိုလိုက်ခြင်း ဖြစ်သည်။

၃ ရက်တာ ကျင်းပပြုလုပ်သည့် ညီလာခံအပြီး ထုတ်ပြန်ချက်ထဲတွင် “အကြမ်းဖက်စစ်ကောင်စီက အင်အား အလွန်အကျွံသုံး၍ မြေပြင်နှင့် လေကြောင်း စစ်ဆင်ရေးများဖြင့် အရပ်သား ပြည်သူလူထုများအပေါ် ပစ်မှတ် ထား တိုက်ခိုက်နေခြင်းနှင့် အစုလိုက်အပြုံလိုက် သတ်ဖြတ်ခြင်း ကျူးလွန်ခံနေရမှုများမှ အကာအကွယ်ပေးရန် အရေးပေါ်လိုအပ်ချက် အရ ကရင်ပြည်နယ်၊ ကရင်နီပြည်နယ်၊ ချင်းပြည်နယ်၊ မကွေးတိုင်းနှင့် စစ်ကိုင်းတိုင်း များတွင် နိုင်ငံတကာ အာမခံမှု ဖြင့် အရပ်သား ပြည်သူလူထုများအား အကာအကွယ်ပေးသည့် လုံခြုံသောနေ ရာများ ( Internationally Guaranteecd Civilians Protection – Safe Zones )ဖြစ်ပေါ်ရေးနှင့် လူထုအတွက် အရေးပေါ် လူသားချင်း စာနာမှု အကူအညီများအား ကမ္ဘာ့ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာ အသိုင်းအဝန်းမှ ဝိုင်းဝန်းကူညီဆောင်ရွက် ပေးသွားရန် ဤ ညီလာခံကြီးက အလေးအနက် တောင်းဆိုအပ်ပါသည်” ဟု တောင်း ဆိုထားသည်။

စစ်ကောင်စီ၏ ပစ်မှတ်ထားတိုက်ခိုက်ခံနေရသည့် ပြည်သူများကို အကာအကွယ်ပေးရန်နှင့် လူသားချင်း စာနာ ထောက်ထားမှု အကူအညီများပေးရန် အပြင် နိုင်ငံတကာမှ စစ်ကောင်စီကို အသိအမှတ်မပြုပဲ အမျိုး သားညီ ညွတ်ရေး အစိုးရ NUG ကို အသိ အမှတ်ပြုရန်လည်း အမျိုးသား ညီညွတ်ရေး အတိုင်ပင်ခံ ကောင်စီ NUCC က ပြည်သူ့ ညီလာခံအပြီး ထုတ်ပြန်ချက်ထဲတွင် ထည့်သွင်းတောင်းဆိုထားသည်။

ထို့အပြင် ပြည်သူများကို ပုံစံအမျိုးမျိုးဖြင့် ပစ်မှတ်တိုက်ခိုက်မှုများ လုပ်ဆောင်နေသည့် စစ်ကောင်စီကို နိုင်ငံ တကာခုံရုံးတွင် အရေးယူနိုင်အောင် ကြိုးပမ်းဆောင်ရွက်သွားမည်ဟု NUCC က ဆိုသည်။

“အာဏာသိမ်း အကြမ်းဖက် စစ်ကောင်စီအနေဖြင့် ဂျနီဗာ သဘောတူညီချက် ( Geneva Convention ) အပါ အဝင် နိုင်ငံတကာ လူ့အခွင့်အရေး ဥပဒေများကို ချိုးဖောက်လျက် ပြည်ထောင်စု တဝှမ်းလုံးရှိ အပြစ်မဲ့ပြည်သူ များအား ကျယ်ကျယ်ပြန့်ပြန့် နှင့် ရည်ရွယ်ချက်ရှိရှိ ဖမ်းဆီးနှိပ်စက် သတ်ဖြတ်မှုများ၊ လူသားမျိုးနွယ်စုအပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများ(Crimes Against Humanity) စစ်ရာဇဝတ်မှု (War Crimes) ကျူးလွန်မှုများ၊ လူ မျိုးတုန်းသတ်ဖြတ်မှုများ (Genocides) စသည့် ကျူလွန်နေမှုမှန်သမျှကို ဤ ပြည်သူ့ ညီလာခံကြီးက ပြင်း ထန်စွာ ကန့်ကွက်ရှုတ်ချပြီး အကြမ်းဖက် စစ်ကောင်စီအား ကမ္ဘာ့ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီမှတဆင့် အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံး( International Criminal Court ) ၌ အရေးယူ ဆောင်ရွက်နိုင်ရေး ကြိုးပမ်း ဆောင်ရွက်သွားမည်” ဟု ပြည်သူ့ညီလာခံအပြီး ထုတ်ပြန်ချက်ထဲတွင် ပြောဆိုထား သည်။

ပြည်သူလူထုများ၏ ဘ၀လုံခြုံမှု ရရှိစေရေး ဆောင်ရွက်သွားရန်အတွက် စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်တော် လှန် တိုက်ပွဲဝင်နေကြသည့် ပြည်တွင်းပြည်ပရှိ လူမျိုးစုံ ပြည်သူများနှင့်အတူ လက်တွဲ ဆောင်ရွက် သွားမည်ဖြစ် ပြီး ပြည်သူလူထုတရပ်လုံးအတွက် တရားမျှတမှု ရရှိရေးနှင့် စစ်ကောင်စီအား အရေးယူ ဆောင်ရွက်နိုင်ရေး တို့ ကို ကမ္ဘာ့ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာ အဖွဲ့အစည်းများနှင့် အစွမ်းကုန် ပူးပေါင်းဆောင်ရွက်မှုများကို ဆက် လက်လုပ်ဆောင်သွားမည်ဖြစ်သည်ဟု အမျိုးသား ညီညွတ်ရေး အတိုင်ပင်ခံ ကောင်စီ NUCC က ဆိုသည်။

ယခုကျင်းပပြီးစီးခဲ့သည့် ပထမအကြိမ် ပြည်သူ့ ညီလာခံတွင် ဖက်ဒရယ် ဒီမိုကရေစီ ပဋိညာဉ် ကြေညာစာ တမ်း အစိတ်အပိုင်း ၁ နှင့် အစိတ်အပိုင်း ၂ ကြားကာလ ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုင်ရာ အစီအမံကို အတည်ပြုနိုင် ခဲ့ ကြပြီး အမျိုးသား ညီညွတ်ရေး အတိုင်ခံကောင်စီ NUCC က ဖွဲ့စည်းပေးခဲ့သော အမျိုးသား ညီညွတ်ရေး အစိုးရ NUG ကို ပြည်သူ့ ညီလာခံရှေ့မှောက်တွင် ထပ်လောင်းအတည်ပြုခဲ့သည်ဟု သိရသည်။

ထို့အပြင် အမျိုးသား ညီညွတ်ရေး အတိုင်ပင်ခံ ကောင်စီ NUCC ကို အစုအဖွဲ့ ၅ ဖွဲ့အား ကိုယ်စားပြုသည့် အစု အဖွဲ့ဝင် အဖွဲ့အစည်း ၃၃ ဖွဲ့ဖြင့် ဖွဲ့စည်းအတည်ပြု လိုက်နိုင်ခဲ့သည်ဟု ဆိုသည်။

ပြည်သူ့ညီလာခံကို ၆ လ တစ်ကြိမ်ကျင်းပသွားမည်ဖြစ်သည်ဟု သိရသည်။

ကျင်ပပြီးခဲ့သည့် ပထမအကြိမ် ပြည်သူ့ ညီလာခံကို ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ အပါအဝင် ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ်များ၊ နိုင်ငံရေးပါတီများ၊ သမဂ္ဂများ၊ အမျိုးသမီးများ၊ လူငယ်နှင့် လူနည်း စုဆိုင်ရာအဖွဲ့အစည်းများ အပါအဝင် အရပ်ဘက်အဖွဲ့အစည်းများ၊ အာဏာရှင် စနစ်ဆန့် ကျင်ရေး ပြည်သူ့ဝန် ထမ်း CDM လှုပ်ရှားမှုဆိုင်ရာ အဖွဲ့အစည်းများ၊ လူထုသပိတ် လှုပ်ရှား မှုဆိုင်ရာ အဖွဲ့အစည်းများ၊ တိုင်းရင်း သားတော်လှန်ရေးအဖွဲ့အစည်းများ၊ ကြားကာလ ပြည်နယ်/ ဖက်ဒရယ် ယူနစ်/လူမျိုး ကိုယ်စားပြု ကော်မတီ များမှ ကိုယ်စားလှယ်များ၊ အမျိုးသားညီညွတ်ရေး အစိုးရအဖွဲ့၏ အဖွဲ့ဝင်များ၊ နိုင်ငံတကာမှ ဧည့်သည်တော် များနှင့် လေ့လာသူများ စုစုပေါင်း (၃၈၈)ဦး တက်ရောက်ခဲ့သည်ဟု NUCC က ဆိုသည်။