အသံတိတ် သပိတ်လုပ်ရန် Facebook မှ လှုံ့ဆောင်သူ အမျိုးသမီး နှစ်ဦး ဖမ်းခံရ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ ဇန္နဝါရီလ ၃၁ ရက်။
ပုသိမ်မြို့က အသံတိတ် သပိတ်လုပ်ရန် Facebook လူမှုကွန်ရက် စာမျက်နှာ မှ လှုံဆော်သည့် အမျိုးသမီး ၂ ဦးအား ဇန္နဝါရီလ ၃၀ ရက်နေ့ နေ့လည်ပိုင်းက စစ်ကောင်စီက ဖမ်းဆီးသွားသည်။
ပုသိမ်မြို့ ရပ်ကွက် ၆ တွင်နေထိုင်သည့် War War Facebook Account ပိုင်ရှင် မဝါဝါလှိုင် နှင့် ပုသိမ်မြို့ ရပ်ကွက် ၄ မှ Nyein Shwe Yatu Account ပိုင်ရှင် မငြိမ်းအေးအောင်တို့အား စစ်ကောင်စီက ဖမ်းဆီးလိုက်ခြင်း ဖြစ်သည် ဟု ယင်းရပ်ကွက်နေ ပြည်သူများ က ပြောသည်။
“လက်နက် မကိုင်ထားတဲ့ အမျိုးသမီးကို ဖမ်းတာ။ စစ်သည် ဗိုလ်ပါ အလုံးအရင်း သေနတ်တွေနဲ့ ချိန်ပြီး ဖမ်း ကြတာ။ အာဂစစ်တပ်ဗျ။ မြင်ရတွေ့ရသူတွေ ကြောက်သွားအောင် လုပ်ကြတာ”ဟု ရပ်ကွက်အတွင်း နေထိုင်သူ တစ်ဦး က ပြောသည်။
ထိုသို့ ဖမ်းဆီးပြီးနောက် စစ်ကောင်စီတပ်က ၎င်း၏ လူမှုကွန်ရက်စာမျက်နှာတွင် ဖမ်းဆီးခံထားရသည့် အမျိုး သမီး ၂ ဦး၏ ဓါတ်ပုံနှင့် Facebook Account တို့ကို Post တင်ပြီး ဝါဒဖြန့်နေသည်ဟု ပုသိမ်မြို့ခံ အချို့က ပြောသည်။
အမျိုးသမီး ၂ ဦး က Facebook Account မှ Silence Strike အသံတိတ် သပိတ် ပြုလုပ်ရန် လှုံ့ဆော်ဝါဒဖြန့် စာ များရေးသားခြင်း၊ တဆင့်ဖြန့်ဝေခြင်းများ ပြုလုပ်ထားကြောင်း စစ်ဆေးတွေ့ရှိရသဖြင့် ပုဒ်မ ၅၀၅-က ဖြင့် ဖမ်းဆီး အရေးယူထားရှိသည်ဟု အသိပေးအပ်ပါသည်ဟု မြို့နယ် စစ်ကောင်စီက ၎င်းတို့၏ လူမှုကွန်ရက် စာမျက်နှာ တွင်ဖော်ပြသည်။
“ပြည်သူတွေ Silence Strike လုပ်မှာ စစ်ကောင်စီက အရမ်း ကြောက်နေရှာတာ။ ကျနော်တို့ ပြည်သူက မကြောက်ဘူး။ တစ်နည်းနည်းနဲ့ စဥ်ဆက်မပြတ် ဆန့်ကျင်တော်လှန်နေမှာ” ဟု လူငယ်တစ်ဦး က ပြောသည်။
Silence Strike လုပ်ရန် လှုံ့ ဆော်ဝါဒဖြန့်မှုများအပေါ် လိုက်ပါပြုလုပ်ခြင်း မပြုကြရန်နှင့် ပြုလုပ်ပါက ဥပဒေအရ အရေးယူခံရနိုင်ကြောင်း ဇန္နဝါရီလ ၂၅ ရက်နေ့မှစတင်၍ ဧရာဝတီတိုင်းအတွင်းက မြို့နယ်အသီးသီးရှိ ရပ်ကွက်၊ ကျေးရွာများတွင် စစ်ကောင်စီက နေ့ရောညပါ ခြိမ်းခြောက် ကြေညာနေသည်ဟု ဒေသခံများက ဆိုသည်။
စစ်တပ်က အာဏာသိမ်းမှု ၁ နှစ် ပြည့်သည့်နေ့တွင် ပြုလုပ်မည့် စစ်အာဏာသိမ်းမှု ဆန့်ကျင်သည့် အသံတိတ် သပိတ် Silence Strike မှာ တတိယ အကြိမ်မြောက် ဖြစ်ပြီး ပြီးခဲ့သည့် နှစ်ကြိမ်တွင်လည်း ဧရာဝတီတိုင်းလုံး ကျွတ်က ပြည်သူများ ပါဝင်ခဲ့ကြသည်ဟု သိရသည်။