တပ်ထောက်ခံပွဲ တစ်အိမ်တစ်ယောက် လက်ပြရမည်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ ဇန္နဝါရီလ ၃၁ ရက်။
ဧရာဝတီတိုင်း ငပုတောမြို့နယ်ရှိ ကျေးရွာ အချို့တွင် ပြုလုပ်မည့် တပ်ထောက်ခံပွဲ စီတန်း လှည့်လည်သူများအား တစ်အိမ်လျှင် တစ်ယောက် မဖြစ်မနေ အတင်းအကြပ် လက်ထွက်ပြခိုင်းနေသည်ဟု သိရသည်။
ဖေဖော်ဝါရီ ၁ ရက်နေ့ နေ့လည်တွင် ငပုတောမြို့နယ်၊ ဒီးဒူးကုန်း၊ ကျောက္ကလပ်ကျေးရွာ တို့တွင် ထိပ်စွန်းရွာရှိ စစ်တပ်မှ စစ်ကားများနှင့် စစ်တပ်ထောက်ခံသူများ စီတန်း လှည့်လည်ကြမည့် အစီအစဉ်ရှိသည်ဟု စစ်ကောင်စီ ၏ အုပ်ချုပ်ရေးဖွဲ့ဝင် အချို့ထံကသိ ရသညိ။
ထိုနေ့တွင် ဒေသခံများအား လက်ထွက်ပြရန် စစ်ကောင်စီခန့် အုပ်ချုပ်မှူးများက လိုက်လံပြောဆိုနေခြင်း ဖြစ်ပြီး လက်ထွက်မပြပါက NUG၊ PDF ထောက်ခံ ဆက်သွယ်သူ ဟု သတ်မှတ်ကာ ဖမ်းဆီး အရေးယူမည်ဟု ခြိမ်း ခြောက်ပြောဆိုထားသည် ဟု ဒေသခံများက ပြောသည်။
“ကိုယ်မကြိုက်တဲ့ မနှစ်သက်တဲ့ သူတွေကို လက်ထွက်ပြရမှာ ရွံစရာ အလုပ်ပါ။ စစ်ကောင်စီက အသံတိတ် သပိတ်ကို ကြောက်နေကြတာ။ ကြွက်မနိုင် ကျီးမီးရှို့လုပ်နေတာ” ဟု ဒေသခံ တစ်ဦးက ပြောသည်။
လူ့အခွင့်အရေး စောင့်ကြည့် မြှင့်တင့်ရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးက မည်သည့်အဖွဲ့အစည်း မည်သူ့ကိုမဆို ကြိုက်ခြင်း မကြိုက်ခြင်းမှာ လူတစ်ဦးခြင်း၏ မွေးရာပါ အခွင့်အရေး ရွေးချယ်ပိုင်ခွင့် ဖြစ်၍ ယခုကဲ့သို့ အဓမ္မ အပြုအမှုသည် လူ့အခွင့်အရေး ချိုးဖောက်နေခြင်းဖြစ်သည်ဟု မှတ်ချက်ပြုပြောဆိုသည်။
စစ်ကောင်စီ အနေဖြင့် စစ်ရေးရာတွင် နားလည်ကောင်း နားလည်နိုင်သော်လည်း နိုင်ငံရေးတွင် နားလည်သူများ မဟုတ်၍ ပြည်သူလက်ခံသည့် လက်နက်ကိုင် အဖွဲ့အစည်းအဖြစ် မစွမ်းဆောင်နိုင်ခြင်းဖြစ်ပြီး တိုင်းပြည်ကို ကောင်းမွန် တိုးတက်အောင် စီမံခန့်ခွဲသည့် အုပ်ချုပ်ရေး စွမ်းရည်မရှိခြင်းကို ယခုလုပ်ရပ်များက ပြသနေသည်ဟု ၈၈ မျိုးဆက် နိုင်ကျဉ်းဟောင်း တစ်ဦးက ပြောသည်။
“လက်နက်ရှိနေတော့ ဓားပြဂိုဏ်း ဆန်ဆန် ပြည်သူကို ခြိမ်းခြောက် ခိုင်းနေတာ။ စစ်ကောင်စီကို မြန်မာပြည်သူ လက်မခံတာ ကမ္ဘာ ကသိပြီးသားပါ” ဟု အဆိုပါ ၈၈ မျိုးဆက် နိုင်ကျဉ်းဟောင်း တစ်ဦးက ဆက်ပြောသည်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလအတွင်းက တပ်ထောက်ခံပွဲများကို ဒေသခံများ မဟုတ်သည့် နယ်လှည့် တပ်ထောက် ခံသူများက ပုသိမ်၊ ငပုတော၊ ဖျာပုံ၊ မအူပင်၊ မြောင်းမြမြို့တို့တွင် ပြုလုပ်ခဲ့ရာ မြို့ခံများက သံပုန်းတီး မောင်း ထုတ်ကာ ရှုတ်ချခဲ့သည်ဟု ဒေသခံများက ပြောသည်။
စစ်ကောင်စီကို လက်မခံကြောင်းကို ၂ ငါးလုံး ပြည်လုံးကျွတ် သပိတ် လူထု ဆန္ဒဖော်ထုတ်ပွဲ နှင့် ဒီဇင်ဘာ ၁၀ ရက်နေ့ အပြည်ပြည်ဆိုင်ရာ လူအခွင့်အရေးနေ့တို့တွင် ဧရာဝတီတိုင်းအတွင်း အသံတိတ်သပိတ်ဖြင့် လူထုက ဆန္ဒထုတ်ဖော်ခဲ့ကြရာ ဧရာဝတီတိုင်းလုံး ကျွတ်ပါဝင်ခဲ့သည်ဟု ဒေသခံများက ဆိုသည်။
ဓါတ်ပုံ – ၂၀၂၁၊ ဖေဖော်ဝါရီလအတွင်း နယ်လှည့်တပ်ထောက်ခံသူများကို ဧရာဝတီတိုင်းက ပြည်သူများ သံပုန်းတီးမောင်းထုတ်ခဲ့ကြသည့် မြင်ကွင်း