စစ်ကောင်စီ ဂိတ်က အမျိုးသမီးတစ်ဦးအား နေလှန်းပြီး ရိုက်နှက်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်။

မကွေးတိုင်း ကံမမြို့က စစ်ကောင်စီ စစ်ဆေးရေး ဂိတ်သည် လမ်းသွားလမ်းလာများအား နှိပ်စက်နေပြီး အမျိုးသမီးတစ်ဦးကို နေလှန်းက ရိုက်နှက်ခဲ့သည်ဟု ဒေသခံများက ပြောသည်။

ကံမမြို့ တောင်ချောင်းဂိတ်က စစ်ကောင်စီ တပ်ဖွဲ့က ဒေါ်ပုဌေးဆိုသူ အမျိုးသမီးတစ်ဦးအား ဇန္နဝါရီ ၂၅ ရက်က ရထားသံလမ်းပေါ်တွင် နေလှန်းထားပြီး ရိုက်နှက်ခဲ့ြခင်း ဖြစ်သည်။

ဒေါ်ပုဌေး၏ ဆွေမျိုးသားချင်းတစ်ဦးက “ရိုက်ခံထားရလို့ တကိုယ်လုံး နာကျင်တဲ့ ဒဏ်၊ ကျောတွေအောင့် နေပူလှန်းခံရလို့ တနေကုန်နေလှန်းခံရတဲ့ ဒဏ် တွေ ခံနေရတာပေါ့။ နေပြန်တိုး သောင်းဂဏ္ဍန်းလောက် ပမာဏနဲ့ နှိပ်စက်ခံရတာ မကာမိဘူး။ ထင်သလို လုပ် နေတာ” ဟု ပြောသည်။

ကြွေးရှင်ကနေ ပြန်တိုး ပြန်မဆပ်ဟုဆိုကာ တောင်ချောင်းဂိတ်ရှိ စစ်ကောင်စီထံတိုင်ကြားသဖြင့် စစ်သားများက အသက် ၄၀ အရွယ် ဒေါ်ပုဌေးကို မီးရထားသံလမ်းပေါ်တွင် နေလှန်းထားပြီး ရိုက်နက်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

ဆေးရုံသွားလျှင် ထပ်မံ ဖမ်းဆီးခံရမည် စိုးရိမ်ခြင်း အပြင် ငွေကြေးချို့တဲ့ခြင်းများကြောင့် ဒေါ်ပုဌေးမှာ အရပ်ထဲတွင်သာ ကြိတ်ကုနေသည်ဟု ဆွေးမျိုး နီးစပ်သူက ပြောသည်။

တိုင်ကြားသူကြွေးရှင် မမြင့်ဌေးနှင့် နေ့ပြန်တိုးယူထားသူ မပုဌေးတို့သည် ဒါန်းကိုင်းကျေးရွာတွင် နေထိုင်ကြ သူများဖြစ်သည်။

တောင်ချောင်းဂိတ်တွင် ကံမမြို့နယ် မီးသတ်တပ်ဖွဲ့၊ ရဲနှင့်စစ်သားများ စုပေါင်း အထိုင်ချထားပြီး လမ်းသွားလမ်းလာများကို ဖားခုန်ခိုင်းခြင်း၊ ဆဲဆိုခြင်းများပြုလုပ်လေ့ရှိကြောင်း ဒေသခံများက ပြောသည်။

”အဲ့ဂိတ်က ဆိုင်ကယ် ဆင်းတွန်းရတယ်။ ဖားခုန်ခိုင်းတယ်၊ အော်တယ်၊ ဆဲတယ်၊ ရိုက်တယ်၊ ဘုမသိဘမသိ ရွာ က တက်လာသူတွေ နားထဲက သွေးထွက်အောင်ပါ ရိုက်တာခံရတာတွေရှိတယ်။ မထင်ရင် မထင်သလို တန်းဖမ်း တယ်” ဟု အသက် ၃၀ အရွယ် ဒေသခံအမျိုးသားတစ်ဦး က ပြောသည်။

အဆိုပါအမျိုးသမီးအား ဖမ်းဆီးနှိပ်စက်ခဲ့သည့် စစ်ကောင်စီတပ်က အထိုင်ထားသည့် တောင်ချောင်းဂိတ်သည် ပုသိမ်-မုံရွာ လမ်းကြီးမှ တဆင့်ဝင်လျှင်သော်၎င်း၊ ပြည်မြို့မှ ဝင်လျှင်သော်၎င်း ကံမမြို့ အဝင်ဝတွင် မဖြတ်မဖြစ် ဖြတ်နေရသည့် ဂိတ်တစ်ဂိတ် ဖြစ်သည်ဟု သိရသည်။