ကလေးစစ်သားဟောင်းအား ဖမ်းဆီးရန် ရှာဖွေ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရိလ ၁ ရက်။
ကာကွယ်ရေး ပစ္စည်း စက်ရုံ အမှတ် ၁၂ မှ ကလေးစစ်သားဟောင်း တစ်ဦးကို စစ်သားများက လိုက်လံရှာဖွေနေသဖြင့် ထွက်ပြေးတိမ်းရှောင်နေရသည်ဟု မိသားစုအသိုင်းအဝိုင်းများက ပြောသည်။
ကလေးစစ်သားဟောင်းမှာ အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ချုပ် ILO အစီအစဉ်ဖြင့် တပ်မှထွက်ခွင့်ရပြီးဖြစ်သော်လည်း ကိုဗစ်ရောဂါကာလအတွင်း တပ်ထွက်ခွင့်လက်မှတ် မရရှိမီတွင် အိမ်ပြန်ကာ မိသားစုနှင့် နေထိုင်နေသူ ဖြစ်သည်။
သရက်မြို့က ကလေးစစ်သားဟောင်းကို ဇန္နဝါရီလ ၂၉ ရက်နေ့၊ နံနက်က အရပ်ဝတ်ဖြင့် လက်နက်ကိုင်ထားသူ များက ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် အတူ လာဖမ်းခြင်းဖြစ်သည်ဟု သိရသည်။
”ကလေးကို ဘာလို့ဖမ်းတာလဲ မေးတော့ ရန်ဖြစ်ထားလို့ လာစစ်တာလို့ ပြောတယ်။ တကယ်တမ်းမှာ ဘာရန်မှ ဖြစ်မထားဘူး။ အငြိုးအတေးထားတဲ့ သဘောမျိုးပေါ့” ဟု မိသားစုများ က ပြောသည်။
ယခုအခါ အသက် ၂၀ ရှိပြီဖြစ်သော်လည်း ၎င်းကို ကလေးစစ်သားအဖြစ် အဓမ္မစုဆောင်းခံရစဉ် အသက် ၁၆ နှစ်ခန့်သာရှိသေးသည်။
ယခုလက်ရှိ သူ (အဆိုပါကလေးစစ်သားဟောင်း) သည် ထွက်ပြေးတိမ်းရှောင်နေရပြီး မိသားစုနှင့်ပါ အဆက် အသွယ် ပြတ်နေသဖြင့် စိတ်ပူနေကြသည်။
၎င်းအား စစ်တပ်က ဖမ်းသွားပြီလား၊ လွတ်မြောက်နေသလားပင် မသိရသေးဘူးဟု မိသားစုဝင်များက ဆိုသည်။
ခရိုင်မြို့ဖြစ်သည့် သရက်မြို့ ပေါ်တွင် ခလရ ၄၄ ခြေလျင် တပ်ရင်းတစ်ရင်း၊ စခန်းကြီးကျေးရွာနှင့် ပိတောက်ပင် ကျေးရွာတို့၏ တောင်ဘက် ၃ မိုင် အကျော်တွင် အမှတ်-၁၂ ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ) တပ်တို့ တည် ရှိသည်။