စစ်တပ် သတင်းပေးဆိုသူကို ဖမ်းဆီးပြီး စရဖက ရိုက်နှက် နှိပ်စက်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်။
ဧရာ၀တီတိုင်း၊ ကြံခင်းမြို့နယ်တွင် စစ်တပ်နှင့်ရဲ သတင်းပေး ဒလန်ဟု နာမည်ကြီးသူ တစ်ဦးအား ဖမ်းဆီးထားပြီး စစ်ဘက် ဆိုင်ရာ လုံခြုံရေး တပ်ဖွဲ့ (စရဖ)က ရိုက်နှက်နှိပ်စက်ထားကြောင်း သိရသည်။
ရေဖြူကန်ကျေးရွာနေ သတင်းပေး (ဒလန်) ဟု နာမည်ကြီးသူ အသက် ၄၀ နှစ်အရွယ်ရှိ ဦးဇေယျာ၀င်း ဆိုသူ အား ဇန္နဝါရီလ ၃ဝ ရက်နေ့ညက ရဲတပ်ဖွဲ့က လာရောက် ဖမ်းဆီးသွားခြင်းဖြစ်သည်ဟု ဒေသခံများက ပြောသည်။
“စရဖ က အသစ်ပြောင်းလာတဲ့လူနဲ့ အရက်ဆိုင်မှာ စကားများ ရန်ဖြစ်တယ်။ အဲဒါ စရဖ က ရဲကိုဖမ်းခိုင်းပြီး တပ်ထဲမှာ ခေါ်ရိုက်တာ” ဟု ရဲတပ်ဖွဲ့ နှင့် နီးစပ်သူ တစ်ဦးက ပြော သည်။
မှုခင်း သတင်းထောက် တစ်ဦးဖြစ်သည့် ဦးဇေယျာဝင်းကို ကြံခင်းမြို့အခြေစိုက် စစ်ဘက်ဆိုင်ရာ လုံခြုံရေး တပ်ဖွဲ့က ဖမ်းဆီးခိုင်းသဖြင့် ဖမ်းဆီးပေးရခြင်းဖြစ်သည်ဟု ရဲတပ်ဖွဲ့ နှင့် နီးစပ်သူ အချို့က ပြောသည်။
“စရဖ ဟာ စစ်ကောင်စီရဲ့ ကင်ပေတိုင်ပဲ။ အစိမ်းအကျက် မရွေးဘူး။ ဖမ်းမယ်၊ ရိုက်မယ်၊ ငွေညှစ်မယ် ဆိုတာ ချည်းဘဲ။ အခုလည်းရိုက်နှက်ထားတာ မထနိုင်ဘူးလို့ သိရတယ်။ သူတို့က ရဲထက် ဆိုးတယ်” ဟု ဒေသခံမှုခင်း သတင်းထောက် တစ်ဦး က ပြောသည်။
ဦးဇေယျာဝင်းသည် မူခင်းသတင်းထောက် လက်မှတ် ရရှိထားသူဖြစ်ကာ ၎င်း၏အိမ်တွင် သူရ ဦးရွှေမန်း၏ ပြည်သူ့ကောင်းကျိုး ဆောင်ပါတီ ဆိုင်းဘုတ်စိုက်ထူထားသည်ဟုလည်း ဒေသခံများက ဆိုသည်။
၎င်းသည်ယခင်က ရဲသတင်းပေး လိုင်းကြေး သိမ်းပေးသူ၊ အမှုလိုက် ပွဲစားလုပ်နေရာမှ စစ်တပ်က အာဏာသိမ်းပြီးနောက်တွင် စစ်တပ်သတင်းပေး ဖြစ်လာသည်ဟု ဒေသခံ အချို့က ပြောသည်။
ထိုသို့ သတင်းပေးလုပ်နေသည့် အပြင် နေအိမ်အထိ လိုက်လံပြသဖမ်းခိုင်းသဖြင့် NLD ပါတီဝင်အချို့၊ နိုင်ငံရေး တက်ကြွလှုပ်ရှားသူ အချို့လည်း ဖမ်းဆီးခံရထားပြီး အချို့မှာ ၎င်း၏သတင်းပေးမှုကြောင့် ထွက်ပြေးတိမ်းရှောင် နေကြရသည်။
ကြံခင်းမြို့နယ်ရှိ သတင်းပေး(ဒလန်)များ၊ မှုခင်း သတင်းထောက်များက စုပေါင်း၍ ပြန်လွှတ်ပေးရန် ရဲစခန်းတွင် တောင်းပန်ခဲ့ကြသော်လည်း စစ်ကောင်စီက စစ်ဆေးရန်ရှိနေသေးသည်ဟု ဆိုကာ ဆက်လက်ဖမ်းဆီးထားသည်ဟု သိရသည်။