မြစ်ကြီးနားတွင် တပ်ထောက်ခံပွဲ လုပ်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်။

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တွင် လူဦးရေ ၁၀၀ ခန့်ဖြင့် စစ်တပ်ထောက်ခံပွဲ ပြုလုပ်ခဲ့ကြသည်။

မြစ်ကြီးနားမြို့၊ မြို့သစ်ကြီးရပ်ကွက်နှင့် ရန်ကြီးအောင်ရပ်ကွက်များတွင် ဇန္နဝါရီလ ၃၁ ရက်နေ့၊ နံနက်ပိုင်းက စစ်တပ်အာဏာသိမ်းခြင်းကို ထောက်ခံအနေဖြင့် လမ်းလျှောက်လှည့်လည်သည့် ထောက်ခံပွဲ ပြုလုပ်ခဲ့သည်။

“မနက် ၁၀ နာရီလောက်က တပ်ထောက်ခံပွဲ လုပ်တာဟုတ်တယ်။ တပ်ထဲက ထွက်လာပြီး မလိဇွပ် ဆေးရုံ အကျော် မြို့သစ်ကြီး ကွေ့ကနေ တပ်ထဲဖက် ပြန်ကွေ့သွားတယ်။ လူစုစုပေါင်း ၁၀၀ လောက်တော့ ရှိမယ် ထင် တယ်” ဟု လုံခြုံရေးကြောင့် အမည်မဖော်လိုသူ အမျိုးသမီးတစ်ဦးက ပြောသည်။

ထိုစစ်တပ်ထောက်ခံပွဲတွင် “နိုင်ငံတော်ကို ထိန်းသိမ်းစောင့်ရှောက်နေသော မြန်မာ့တပ်မတော်ကို ကြိုဆို အားပေးထောက်ခံပါသည်” ဆိုသည့် ဆိုင်းဘုတ်များ ကိုင်ဆောင်ပြီး လည့်ပတ်လမ်းလျှောက်ခဲ့ကြခြင်း ဖြစ်သည်။

ထို့အပြင် စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ဓာတ်ပုံများနှင့် မြန်မာနိုင်ငံအလံများကို ကိုင် ဆောင်ကာ စစ်တပ်ထောက်ခံကြောင်း ကြွေးကြော်သံများနှင့် လမ်းလျှောက်၍ ထောက်ခံပွဲ ပြုလုပ်ခဲ့ကြခြင်း ဖြစ် သည်။

ပြီးခဲ့သည့်နှစ် အောက်တိုဘာလ ၃၀ ရက်နေ့ တွင်လည်း မြစ်ကြီးနားမြို့၊ အမှတ်(၄) အခြေခံပညာ အထက်တန်း ကျောင်းမှ လီဒိုလမ်းတစ်လျှောက် မလိဇွပ်ဆေးရုံအကျော် မြို့သစ်ကြီး လမ်းဆုံအထိ စစ်တပ်ထောက်ခံကြောင်း လမ်းလျှောက်လှည့်လည်ကာ ထောက်ခံပွဲ တစ်ခုပြုလုပ်ခဲ့ကြခြင်း ဖြစ်သည်။