ဝက်ထီးကန် ရဲသင်တန်းကျောင်းအနီး စာသင်ကျောင်း လုံခြုံရေးဂိတ် ဗုံးခွဲခံရ၊ ရဲတစ်ဦးသေ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်။

ပဲခူးတိုင်း၊ ပြည်မြို့နယ်၊ ဝက်ထီးကန်ရဲ သင်တန်းကျောင်းအနီးရှိ အခြေခံပညာ စာသင်ကျောင်း လုံခြုံရေးဂိတ်ဗုံးခွဲခံရပြီး ရဲတပ်ကြပ်တစ်ဦး သေဆုံးသွားသည်။

ဝက်ထီးကန်က ရဲသင်တန်းကျောင်းအနီးရှိ စာသင်ကျောင်းတွင် လုံခြုံရေးယူထားသည့် ကင်းစခန်းကို ဇန္နဝါရီလ ၃၁ ရက်နံနက် ပိုင်းတွင် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ရဲတပ်ကြပ် ၁ ဦးသေဆုံးပြီး၊ ၁ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီးနောက်တွင် အနီးအနား နေသူများကိုလည်း စစ်ကောင်စီတပ်က လိုက်လံ ဖမ်းဆီးနေသည်ဟု ဒေသခံများက ပြောသည်။

ပေါက်ကွဲမှုအပြီးတွင် စာသင်ကျောင်းအနီးပတ်ဝန်းကျင်ရှိ ဒေသခံ ပြည်သူတစ်ဦး ဖမ်းဆီးခံခဲ့ရပြီး ဆိုင်ပိတ်ကာ ဆွေမျိုးများဆီ အလည်အပတ်သွားရောက်နေသည့် အမျိုးသားတစ်ဦးကိုလည်း နေ့လည်ပိုင်းတွင် သွားရောက် ဖမ်းဆီးသွားသည်ဟု ဒေသခံဆီမှသိရသည်။

”မိသားစုလိုက် အရင်နေ့ကတည်းက အိမ်လည်သွားနေတဲ့ သူကို လိုက်ဖမ်းတယ်။ သူ့အိမ်က ကျောင်းနဲ့ နီးတာနဲ့ ဆွဲတာ” ဟု အသက် ၄၀ အရွယ် ဒေသခံတစ်ဦး က ပြောသည်။

ဝက်ထီးကန်တိုက်နယ်သည် ပဲခူးတိုင်း၊ ပြည်မြို့နယ်အတွင်းပါရှိပြီး ရဲဘက်အကျဉ်းစခန်းနှင့် မူးယစ်ဆေးဝါး ဖြတ် သည့် လူငယ်ပြုပြင်ရေးဌာနတို့ ရှိသည်။

အထက်တန်းကျောင်း၊ ဆေးရုံ၊ ရဲစခန်းတို့ရှိပြီး စည်ကားသည့် တိုက်နယ်ကြီး ဖြစ်သော်လည်း ဒေသခံများက ဝက်ထီးကန်မြို့ အဖြစ်သာ သုံးနှုန်းကြသည်။