ကျိုက်လတ်တွင် နှင်းဆီ ပါတီ စည်းရုံးရေးမှူးတစ်ဦး ပစ်သတ်ခံရ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၅ ရက်။
ဧရာဝတီတိုင်း၊ ကျိုက်လတ်မြို့နယ် ညောင်ပင်စု ကျေးရွာနေ စစ်ကောင်စီ သတင်းပေးဆိုသူ မိုက်ကယ်ကျော်မြင့်၏ နှင်းဆီပါတီ စည်းရုံးရေးမှူး တစ်ဦး ပစ်သတ်ခံလိုက်ရသည်။
ဖေဖော်ဝါရီလ ၂ ရက်နေ့၊ ည ၇နာရီ ဝန်းကျင်က ညောင်ပင်စုကျေးရွာတွင် နေထိုင်သည့် အသက် ၅၈ နှစ်ရှိ စစ် တပ်၊ ရဲသတင်းပေးဟု နာမည်ကြီးသူ ဦးလှသောင်းအား အမည်မသိသူများက ရွာအဝင်လမ်းတွင် ပစ်သတ်လိုက်ခြင်းဖြစ်သည်ဟု ဒေသခံများက ပြောသည်။
“သေနတ်သံကြားရပေမယ့် စစ်သားတွေ ရဲတွေက သေနတ် ပစ်ဖောက် နေကျဆိုတော့မို့ သိပ်မထူးဆန်းပါ ဘူး ပေါ့။ နောက်မှ ဦးလှသောင်း သေနတ်ပစ်ခံရလို့ သေပြီဆို သိရတယ်” ဟု ဒေသခံ တစ်ဦးကပြောသည်။
ဦးလှသောင်းသည် မိုက်ကယ်ကျော်မြင့် ဦးဆောင်သည့် နှင်းဆီပါတီ၏ ကျိုက်လတ်မြို့နယ် ပါတီစည်းရုံးရေးမှူး တစ်ဦးဖြစ်ကာ ၂၀၂၀ ခုနှစ် ရွေးကောက်ပွဲတွင် အမတ်လောင်း အဖြစ် ဝင်ရောက်ရွေးချယ်ရန် အမည်စာရင်း တင်သွင်းခဲ့သူ ဖြစ်သည်ဟု ဒေသခံများက ဆိုသည်။
၎င်းသည် စစ်တပ်က အာဏာသိမ်းပြီး နောက်တွင် စစ်ကောင်စီ၏ အမာခံသတင်းပေးတစ်ဦး ဖြစ်လာပြီး ၎င်းနှင့် အဆင်မပြေသူများကို PDF ဟု ဆိုကာ စစ်တပ်၊ ရဲတပ်ဖွဲ့ဝင်များနှင့် ပေါင်း၍ ဖမ်းဆီးရိုက်နှက်မှုများ ပြုလုပ်နေသူ ဖြစ်ဟု သိရသည်။
ပြည်သူများက ဦးလှသောင်း၏ အနိုင်ကျင့်မှုများကို တိုင်ကြားသဖြင့် ဧရာဝတီလင်းပိုင်အဖွဲ့ က စစ်ဆေးစုံစမ်း ပြီး ဧရာဗေဒါအဖွဲ့နှင့် ပူးပေါင်းကာ သုတ်သင်လိုက်ခြင်း ဖြစ်သည်ဟု ဝါးခယ်မ ပြောက်ကျားတပ်ဖွဲ့ က သတင်း ထုတ် ပြန်သည်။
ကျိုက်လတ်မြို့ခံ ကိုမင်းဦး က “ဒီနေ့ (ဖေဖော်ရီ ၃) မနက်ကတည်းက ဆင်တော အုပ်စုထဲက ညောင်ပင်စုရွာ အပါအဝင် ရွာတွေကို စစ်တပ်နဲ့ရဲက မွှေနေသိရတယ်။ ရွာကလူတွေကို အကြောင်းမဲ့ဖမ်းပြီး နှိပ်စက်မှာ စိုးတယ်” ဟု ပြောသည်။
စစ်ကောင်စီ သတင်းပေး ဒလန်များက မဟုတ်သတင်းပေးသဖြင့် စစ်ကောင်စီ၏ တပ်ဖွဲ့ဝင်များက ကျိုက်လတ် မြို့၊ အမှတ်(၅)ရပ်ကွက်၊ ၁၃လမ်း၊ ကမ်းနားလမ်းနေ အသက် ၁၇ နှစ်အရွယ် မောင်သားသား (ခေါ်) ဖိုးသားနှင့် ခြောက်ပင်ရွာ မူလတန်း ကျောင်းအုပ် ဆရာမကြီး ဒေါ်မြင့်မြင့်သန်း တို့ကိုလည်း ဇန္နဝါရီလ ၁ ရက်နေ့က အကြောင်းမဲ့ ဖမ်းဆီးထားသည်ဟု ဒေသခံများက ဆိုသည်။