ဖားကန့်တိုက်ပွဲ စစ်ကောင်စီမှ လေယာဉ်ဖြင့် ဗုံးကြဲ တိုက်ခိုက်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၅ ရက်။

ကချင်ပြည်နယ်၊ ဖားကန့်တွင် ကချင်လွတ်လပ်ရေး တပ်မ တော် KIA နှင့် PDF ပူးပေါင်းတပ်ဖွဲ့တို့နှင့် စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီဘက် လေကြောင်းကနေလည်း ပစ်ခတ်ခဲ့သည်။

စစ်ကောင်စီတပ်နှင့် KIA၊ PDF ပူးပေါင်းတပ်တို့သည် ဖေဖော်ဝါရီလ ၃ ရက်နေ့ ည ၉ နာရီအချိန်ခန့် ကတည်းက နန့်ယားကျေးရွာနှင့် နန့်တိန်းကျေးရွာကြားတွင် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး ဖေဖော်ဝါရီလ ၄ ရက်နေ့ နေ့ခင်းပိုင်းအထိ တိုက်ပွဲဆက်လက်ပြင်းထန်နေ ဆဲဖြစ်ကြောင်း ဒေသခံများ က ပြောသည်။

“ဖြစ်တာကတော့ နန့်ယားနဲ့ နန့်တိန်းရွာကြားမှာ ဖြစ်တာ။ တိုက်ပွဲ စဖြစ်တာကတော့ ညဦးပိုင်းကတည်းက ဖြစ် နေတာ။ အခုချိန်ထိကြားနေရတုန်းပဲအသံက။ မနေ့ညက ကိုးနာရီလောက်မှာတစ်ခါကြားတယ်။ အဲ့ကနေ တခါ ပြန်ငြိမ်သွားပြီးတော့မှ အခုမနက်မိုးလင်းပိုင်းကတည်းကနေ တစ်ခါပြန်ကြားနေရတာ အခုက ဆိုင်းဖရာမှာ ဖြစ်နေတာ” ဟု ဒေသခံတစ်ဦးက ပြောသည်။

နှစ်ဖက်ကြား တိုက်ပွဲသည် ပြင်းထန်နေပြီး လက်နက်ငယ်များဖြင့် အဆက်မပြတ် ပစ်ခတ်သံများကြားရသည့် အပြင် လက်နက်ကြီးပစ်ခတ်သံများ၊ ဗုံးပေါက်ကွဲသံများလည်း ကြားနေရသည်ဟု ဒေသခံများက ပြောသည်။

နှစ်ဖက်ကြား အချိန် ၆ နာရီခန့်အကြာ ပစ်ခတ်မှုအပြီးတွင် စစ်ကောင်စီတပ်ဘက်က ဖားကန့်မြို့နယ် မာနော့ ကျေးရွာကို လေယာဥ် ၃ စီးဖြင့် ယနေ့ နေ့လည် ၁၂ နာရီအချိန်ခန့်တွင် ဗုံးကျဲတိုက်ခိုက်ခဲ့သည်။

နန့်ယား၊ နန့်တိန်း ၊ ဆိုင်းမရာကျေးရွာများအနီး တိုက်ပွဲပြင်းထန်ခဲ့သောကြောင့် ကျေးရွာနေပြည်သူများ တိမ်း ရှောင်ထွက်ပြေးမှု ရှိမရှိကို အသေးစိတ် မသိရှိရသေးသလို ထိခိုက်ဒဏ်ရာရရှိမှု၊ သေဆုံးမှု၊ ပျက်စီးဆုံးရှုံးမှု အခြေအနေများကိုလည်း မသိရသေးပေ။

အလားတူ ယမန်နေ့ ဖေဖော်ဝါရီလ ၃ ရက်နေ့တွင်လည်း ဖားကန့်မြို့နယ် လုံးခင်းကျေးရွာအုပ်စုရှိ ဂျာရာယန် ကျေးရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်စခန်းကို KIA နှင့် PDF တို့က သွားရောက်တိုက်ခိုက်ခဲ့သည်။

ယခု ရက်ပိုင်းတွင် ကချင်ပြည်နယ်အတွင်း ကချင်လွတ်လပ်ရေးတပ်မတော် KIA နှင့် PDF ပူးပေါင်းတပ်များနှင့် စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲဖြစ်ပွားမှု ပိုမိုပြင်းထန်လာနေသည်။

ဖေဖော်ဝါရီလ ၁ ရက်နေ့က KIA နှင့် PDF ပူးပေါင်းတပ်တို့က ဆွမ်ပရာဘွမ် မြို့နယ်ရှိ ဆွမ်ပီယန် စစ်ကောင်စီ စခန်းနှင့် ဖေဖော်ဝါရီလ ၃ ရက်နေ့က မိုးညှင်းမြို့နယ်ရှိ မော်ဟန်ရဲစခန်းတို့ကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သည်။

ဆွမ်ပီယန်စစ်ကောင်စီစခန်း သိမ်းပိုက်ဖျက်ဆီးခံရပြီးနောက် စစ်ကောင်စီကလည်း ဆွမ်ပီယန်ကျေးရွာကို လေကြောင်းဖြင့် တိုက်ခိုက်ခဲ့သည့်အတွက် ကျေးရွာနေပြည်သူ ၁၀၀၀ နီးပါးခန့် စစ်ဘေးလွတ်ရာကို ထွက်ပြေးနေကြရသည်။

ဓါတ်ပုံ – The Kachin Net