ငွေတောင်းပြန်လာသည့် ပျူစောထီး အဖွဲ့စီးလာသည့်ကား တိုက်ခိုက်ခံရ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၇ ရက်။

ငါးဖမ်းလှေများထံမှ ငွေတောင်းပြီးပြန်လာသည့် ပျူစောထီး အဖွဲ့ စီးနင်းလာသည့် ကားတစ်စီးကို အမည်မသိအဖွဲ့တစ်ဖွဲ့က ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ တပ်ဖွဲ့ဝင်များ ဒဏ်ရာရရှိခဲ့ကြသည်ဟု ရွာသားများက ပြော သည်။

ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ နဘုလယ်ဒေသ ဘဝါကမ်းခြေ ကျေးရွာရှိ ငါးဖမ်းပိုက် လှေပိုင် ရှင်များထံမှ ဆတ်ကြေးတောင်းပြီး ပြန်လာသည့် ပျူစောထီးအဖွဲ့ဝင် ၆ ဦး စီးလာသည့် ကားမှာ ဘဝါကျေးရွာနှင့် ပရဒတ်ကျေးရွာ အကြား လမ်းခုလတ် တစ်နေရာတွင် ဖေဖော်ဝါရီလ ၅ရက်နေ့၊ နံနက် ၁၀နာရီခွဲ ဝန်းကျင်အချိန်ခန့်က ပစ်ခတ်တိုက်ခိုက်ခြင်းခံရခြင်း ဖြစ်သည်။

“လဲရှောင်ရွာက အရေးပေါ်ကားနဲ့ လူနာ ၂ ယောက် လာသွားတာ တွေ့လိုက်ရတယ်။ အနားတော့ သွားမကြည့်ရဲ ဘူး” ဟု အသက် ၄၅ နှစ်ခန့် အရွယ် ဘဝါကျေးရွာသားတစ်ဦး က ပြောသည်။

နဘုလယ်ဒေသမှ ပျူစောထီးအဖွဲ့များသည် စစ်တပ်က အာဏာသိမ်းပြီးသည့် နောက်ပိုင်းတွင် ဘဝါကမ်းခြေက ငါးဖမ်းလှေပိုင်ရှင်များနှင့် ငါးပုဇွန်ရောင်းဝယ်ရေး လုပ်ငန်းရှင်များထံမှ လစဉ်လတိုင်း လှေဝင်လှေထွက်ခများနှင့် လစဉ်ကြေးများ လာရောက်ကောက်ခံနေကြခြင်း ဖြစ်သည်ဟု ဒေသခံရွာသားများက ပြောသည်။

လှေအရွယ်အစားပေါ် မူတည်၍ တစ်စီးကို တစ်သိန်းကျပ်၊ ငါးသောင်းကျပ်၊ သုံးသောင်းကျပ် စသဖြင့် တောင်းခံ လျက်ရှိသည်ဟု သိရသည်။

ပျူစောထီးအဖွဲ့၏ ထိခိုက်ကျဆုံးမှု အရေအတွက်ကို သတင်း နှင့် မီဒီယာကွန်ယက် သတင်းဌာနမှ ဆက်လက်စုံစမ်းနေဆဲဖြစ်ပြီး သတင်းရေးသားနေသည့် အချိန်ထိ အတည်ပြုနိုင်ခြင်း မရှိသေးပေ။