လောင်းလုံးတွင် PDF များကို တောနင်းရှာနေ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၇ ရက်။
ထားဝယ်ခရိုင် လောင်းလုံးမြို့နယ် အနောက်ဘက်တောင်ကြောရှိ ကျေးရွာအချို့တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ က စစ်ကြောင်းထိုးပြီး PDF စခန်းများကို တောနင်းရှာဖွေနေသည်ဟု ဒေသခံရွာသားများက ပြောသည်။
စစ်ကောင်စီ တပ်ဖွဲ့ဝင်များက ဖေဖော်ဝါရီလ ၅ ရက်နေ့၊ နံနက်စောပိုင်း ၅ နာရီဝန်းကျင် အချိန်ခန့်မှစ၍ စစ် ကြောင်းထိုးပြီး တောနင်းရှာဖွေမှုများ ပြုလုပ်နေသည်ဟု ဒေသခံရွာသားများကပြောသည်။
“လူမရှိတဲ့ တဲအိမ် ၃ လုံး မီးရှို့ဖျက်ဆီး သွားတယ်။ မင်းရပ်ရွာက ဥယျာဉ်လုပ်နေတဲ့ ရွာသားတစ်ယောက်လည်း ဓါးစာခံ ဖမ်းသွားတယ်” ဟု အသက် ၅၀ အရွယ် ဒေသခံရွာသားတစ်ဦးက ပြောသည်။
ပန်းတောဝကျေးရွာ၊ ပညစ်ကျေးရွာ အနီးတဝိုက်ရှိ တောင်ကြောများ တလျှောက်ပေါ်တွင် စစ်ကောင်စီ တပ်ဖွဲ့ဝင် အင်အား ၄၀ ခန့်က PDF စခန်းများကို လိုက်လံ ရှာဖွေစစ်ဆေးမှုများ ပြုလုပ်နေခြင်း ဖြစ်သည်ဟု အဆိုပါ ရွာသား က ဆက်ပြောသည်။
သဗျာကျေးရွာ၊ မင်းရပ်ကျေးရွာ၊ ပန်းဒလဲကျေးရွာ တောလမ်းတို့တွင်လည်း အင်အား ၃၀ ခန့်ပါသည့် စစ်ကြောင်း တစ်ကြောင်း၊ ကရင်ကြီးကျေးရွာဘက်တွင်လည်း အင်အား၂၀ ခန့်ပါသည့် စစ်ကြောင်းတစ်ကြောင်းတို့ဖြင့် PDF စခန်းများကို တောနင်းရှာဖွေလျှက်ရှိနေသည်ဟု သိရသည်။
စစ်ကောင်စီ တပ်ဖွဲ့ဝင်များကို ရွာခံပျူစောထီးများနှင့် သတင်းပေးဒလန်များက လမ်းပြပေးနေသည်ဟု ဒေသခံ ရွာသားများက ပြောသည်။