ကာကွယ်ဆေး အပြည့်ထိုးထားသူ ကိုဗစ်ရောဂါဖြင့် သေဆုံး
သတင်းနှင့် မီဒီယာ ကွန်ရက်
၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၈ ရက်။
ဧရာဝတီတိုင်းတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ဆေး ၃ ကြိမ်ထိုးထားသူ အမျိုးသမီးတစ်ဦးသည် ကိုဗစ် ရောဂါ ဖြင့် သေဆုံးခဲ့သည် ဟု ဒေသခံများက ပြောသည်။
ဧရာဝတီတိုင်း၊ ဘိုကလေးမြို့ ကုတင် ၁၀၀ ဆေးရုံတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ၃ ကြိမ် ထိုးထားသူ အမျိုးသမီးတစ်ဦး ကိုဗစ်ရောဂါဖြင့် ဖေဖော်ဝါရီလ ၆ ရက်နေ့လည်ပိုင်းက သေဆုံးခဲ့သည်ဟု တိုင်းကျန်းမာရေး ရုံးထံမှ သိရသည်။
ကိုဗစ်ကာကွယ်ဆေး ၃ ကြိမ် ထိုးထားပြီးသည့် အသက် ၄၈ နှစ်ရှိ ဒေါ် လှလှချို ဆိုသူသည် ဒေသအတွင်း ကိုဗစ် ကာကွယ်ဆေး ၃ ကြိမ်ထိုးထားသူများအနက် ပထမဆုံး သေဆုံးသွားသူ ဖြစ်သည်ဟု ဒေသခံများက ပြောသည်။
ဘိုကလေးမြို့ရှိ “နဒီ” အထူးကုဆေးခန်း မှ ဘိုကလေး ပြည်သူ့ဆေးရုံသို့ လွှဲပြောင်းရောက်ရှိလာပြီးနောက် သေ ဆုံးသွားခြင်း ဖြစ်သည်ဟု ဆေးရုံ ဝန်ထမ်းအချို့က အတည်ပြု ပြောသည်။
“မနက်ပိုင်းက ဆေးရုံရောက် လာတယ်။ နေ့လည်ပိုင်းမှာ သေသွားတယ်။ သူမှာက နှလုံးရောဂါ အခံ ရှိနေတယ်” ဟု ဆေးရုံမှ ကုသရေး ဆေးဝန်ထမ်းတစ်ဦး က ပြောသည်။
နှလုံးရောဂါ ဝေဒနာရှင်ဖြစ်၍ ဆေးခန်းပြနေရသူဖြစ်ပြီး ရုတ်တရက် အဖျားတက်လာ၍ “နဒီ” အထူးကု ဆေး ခန်းသို့ သွားပြရာ ထိုဆေးခန်းမှ တဆင့် ဘိုကလေးမြို့က ကုတင် ၁၀၀ ဆေးရုံကြီးသို့ ရောက်ရှိ လာသည်ဟု သိရဆေးရုံဝန်ထမ်းများက ပြောသည်။
ထိုနေ့က ဖျား၍ ဆေးရုံရောက်လာသူ ၂ ဦး ရှိပြီး စစ်ဆေးရာ ၂ ဦး စလုံးသည် ကိုဗစ်-၁၉ အတည်ပြု လူနာများ ဖြစ်နေ၍ ကုသဆောင်တွင် ကုသပေးနေစဉ် ဒေါ်လှလှချို သေဆုံးသွားပြီး ကိုဗစ်-၁၉ ရောဂါပိုးအမျိုး အစားမှာမူ ဓါတ်ခွဲခန်းပို့ပြီး စိစစ်နေဆဲဖြစ်သည်ဟု မြို့နယ်ကျန်းမာရေးဌာန ထံမှ သိရသည်။
“ကိုဗစ်-၁၉ ရောဂါပိုး အမျိုးအစား ဒက်လ်တာပိုးလား၊ အိုမီခရွန်ပိုးလား လို့တော့ အဖြေမထွက်သေးဘူး။ ပြည် သူတွေအနေနဲ့ ကျန်းမာရေး အသိ သတိရှိပါ” ဟု မြိုခံ အထွေထွေရောဂါကု ဆရာဝန်တစ်ဦး က ပြောသည်။
ဘိုကလေးမြို့ ကုတင် ၁၀၀ ဆေးရုံတွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိ လူနာ အမျိုးသား ၃ ဦးနှင့် အမျိုးသမီး ၅ ဦး ရှိနေသည် ဆေးရုံ ဝန်ထမ်းအချို့ က ပြောသည်။
ဧရာဝတီတိုင်း အတွင်းသို့ ကိုဗစ်-၁၉ ရောဂါပိုး စတုတ္ထလှိုင်း ကူးစက် ပြန့်ပွားလာနေပြီး မြောင်းမြ၊ ဝါးခယ်မ၊ ကျောင်းကုန်း စသည်မြို့ များတွင် ကိုဗစ်-၁၉ ရောဂါပိုး ရှိသူများ စစ်ဆေးတွေ့ ရှိနေရပြီး တစ်တိုင်းလုံး အနေဖြင့် ရောဂါပိုး တွေ့ရှိသူ ၁၅ ဦး ဝန်းကျင်ရှိသည်ဟု ကျန်းမာရေးဌာန ထုတ်ပြန်ချက်အရ သိရသည်။
ဧရာဝတီတိုင်းတွင် စစ်တပ်က အာဏာသိမ်းစအချိန် ကိုဗစ်-၁၉ တတိယလှိုင်း ဖြစ်ပွားချိန် နှင့် တိုက်ဆိုင်ခဲ့ပြီး စစ်ကောင်စီ၏ ကျန်းမာရေး စောင့်ရှောက်မှု အားနည်းခြင်းတို့ကြောင့် တိုင်းဒေသကြီး၏ မြို့တော် ပုသိမ်မြို့ တစ်မြို့တည်းတွင်ပင် လူရာနှင်ချီ သေဆုံးခဲ့သည်ဟု ဒေသခံ လူမှုကူညီရေး အသင်းအဖွဲ့များထံမှ သိရသည်။