ထိုင်းနယ်စပ်အနီး စစ်ကောင်စီ လက်နက်ကြီးများပစ်ခတ်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၈ ရက်.
မြန်မာ-ထိုင်းနယ်စပ်အနီး ကရင်နီပြည်နယ်ဘက်အခြမ်းကို စစ်ကောင်စီတပ်က ဒီကနေ့ မနက်ပိုင်းက လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ သည်ဟု ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP ပြောရေးဆိုခွင့်ရှိသူက ပြောသည်။
KNPP ပြောရေးဆိုခွင့်ရှိသူ ဦးအောင် ဆန်းမြင့်က “တိုက်ပွဲတော့ မဟုတ်ပါဘူး။ သူတို့ရမ်းသမ်းပြီးတော့ ပစ်တာပါ။ သူတို့ ၁၂၀ မမတွေနဲ့။ ဒီဒေါတခဲဆိုတဲ့နေရာ နယ်စပ်ဘက်မှာ ရှိတယ်လေ။ သူ့ဟာသူပဲ ကျနော်တို့ သူတို့နားကို ကပ်လား မကပ်ဘူးလား ဆိုတဲ့သဘောပေါ့ ဗျာ။ သူ့ဟာသူပစ်တာလေ။ လက်နက်ကြီးတွေ ထုတာတော့ တော်တော်လေး ထုလိုက်တယ်လေ။ ရွာသားတွေက အဲ့ဒီအပေါ်မှာပဲ လန့်ပြီးမှ တိုက်ပွဲဖြစ်တယ်လို့ ပြောတာနေပါလိမ့်မယ်။”
စစ်ကောင်စီတပ်နှင့် KNPP တို့အကြား တစ်စုံတစ်ရာ တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ စစ်ကောင်စီက လက်နက်ကြီး တွေနဲ့ ရမ်းသမ်းပစ်ခဲ့ခြင်း ဖြစ်သည်ဟု ဦးအောင်ဆန်းမြင့်က ပြောသည်။
ယနေ့ နံနက်ပိုင်းတွင် စစ်ကောင်စီက လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခဲ့သည့် နေရာသည် “အဲ့ဒီနားမှာ ကျနော်တို့ ဒုက္ခသည်တွေ ရှိတယ်လေ။ ထိုင်းနယ်စပ်ကိုး အဲ့နေရာက။ ထိုင်းနယ်အနီးက မြန်မာတပ်စခန်း တစ်ခု ကပေါ့ အဲ့လိုပဲ ပြောလို့ရမယ်။ ကျနော်တို့က ပြီးခဲ့တဲ့လတုန်းက သူတို့စခန်း သွားသိမ်းထားတော့လေ သူတို့ လည်း လုံခြုံရေးအရ စိုးရိမ်ပြီးတော့မှ ပစ်တဲ့သဘောမျိုးပါပဲ။ လက်နက်ကြီးတွေနဲ့ လိုက်လျှောက်ထုတာပေါ့” ဟု ဦးအောင်ဆန်းမြင့်က ပြောသည်။
ယနေ့ စစ်ကောင်စီက လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခဲ့သည့်နေရာသည် သံလွင်မြစ်အရှေ့ခြမ်း၊ ရှားတောမြို့ နယ်အတွင်းက ဒေါတခဲဆိုသည့်နေရာဖြစ်သည်။ အဆိုပါနေရာတွင်လည်း ကရင်နီစစ်ရှောင်များ ရှိသည်ဟု သိရ သည်။
အလားတူ ဖေဖော်ဝါရီလ ၃ ရက်နေ့တွင်လည်း မြန်မာ-ထိုင်းနယ်စပ်တွင် စစ်ကောင်စီတပ်နှင့် ကရင်နီတပ်မ တော် KA တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ၇ ဦးခန့် ကျဆုံးခဲ့သည်။
“ကျနော်တို့ ၃ ရက်နေ့ကတိုက်ပွဲက မိနစ် ၃၀ လောက်ဖြစ်ပွားခဲ့တာပါ။ ကျနော်တို့ တိုက်ပွဲကတော့ အောက်ခြေ က သတင်းအချက်အလက်အရပေါ့နော် သူတို့က အရင်ဆုံးပစ်ခံရတယ်ဆိုတော့ သူတို့က အနည်းဆုံးတော့ ၆ ယောက်၊ ၇ ယောက်လောက် ကျသွားတယ်လို့ အောက်ခြေတပ်မှူးတွေကနေပြီးတော့ ပြောတာ ရှိတယ်ပေါ့ နော်။ ကျနော်တို့ ဟိုး ဇန္နဝါရီလ ၇ ရက်နေ့ကလည်း စခန်းသိမ်း တိုက်ပွဲတစ်ခုဖြစ်တယ်လေ။ ကျန်တာတော့ မရှိသေး ပါဘူး” ဟု ဦးအောင်ဆန်းမြင့်က ပြောသည်။
မြန်မာ-ထိုင်းနယ်စပ်၊ ကရင်နီပြည်နယ်ဘက်ခြမ်းက နယ်စပ်တစ်နေရာတွင် ဖေဖော်ဝါရီလ ၃ ရက်နေ့က ဖြစ်ပွားခဲ့ သည့် စစ်ကောင်စီနဲ့ ကရင်နီတပ်မတော်(KA)တို့၏ အဆိုပါ တိုက်ပွဲအတွင်း စစ်ကောင်စီဖက်က အရာရှိတစ်ဦး အပါအဝင် ၇ ဦးကျဆုံးခဲ့ပြီး၊ ၄ ဦး ထိခိုက်ဒဏ်ရာရခဲ့သည်ဟု Kn.A.C (Karenni Army Center) က ထုတ်ပြန်ထား သည်။
ကရင်နီပြည် တစ်ပြည်နယ်လုံးတွင် ဖေဖော်ဝါရီလ ပထမပတ်အတွင်း KA၊ KNDFပူးပေါင်းတပ်ဖွဲ့များနှင့် စစ်ကောင်စီတို့အကြား တိုက်ပွဲ လေးကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဖက်က အနည်းဆုံး ၁၆ ဦး သေဆုံးခဲ့သည်ဟု KNDF က ထုတ်ပြန်ထားသည်။
ဓါတ်ပုံ – Karenni Army Center-Kn.A.C