နိုင်ငံတကာက စစ်ကောင်စီကို အရေးယူရန် KNPP တောင်းဆို

သတင်းနှင့် မီဒီယာ ကွန်ရက်၊
၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၈ ရက်။

အာဆီယံအပါအဝင် နိုင်ငံတကာအနေဖြင့် တွေ့ဆုံဆွေးနွေးရေး လမ်းကြောင်းကို တိုက်တွန်း ပြောဆိုနေသည် ထက် ပြည်သူလူထုကို ဦးတည်သတ်ဖြတ်နေသည့် စစ်တပ်ကို အပြစ်ပေးအရေးယူနိုင်သည့် အနေအထားသို့ ရောက်အောင် ပိုမိုကူညီ လုပ်ဆောင်ပေးရန် ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ KNPP က တောင်းဆို လိုက်သည်။

KNPP အတွင်းရေးမှူး ၂ ဦးအောင်ဆန်းမြင့်က “ဒီ လူသားမျိုးနွယ်စု ဆိုင်ရာပေါ့နော ရာဇဝတ်မှုတွေ ကျူးလွန်နေသလို ကျနော်တို့ လူမျိုးတုန်းသတ် ဖြတ်မှုတွေ အပေါ်မှာလည်း အပါအဝင်ပေါ့နော်။ လူ့အခွင့်အရေး ချိုး ဖောက်မှုတွေ အများကြီး ကျူးလွန်နေတဲ့အတွက် ဒီရှုထောင့်ကနေပြီးမှ အခုနိုင်ငံမှာရှိတဲ့ အကြမ်းဖက် စစ် ကောင်စီကို အမြန်ဆုံး အရေးယူနိုင်ရေး အတွက်ကိုပဲ ပိုပြီးမှ ဖိအားပေးသင့်တယ်လို့ ကျနော်တို့က အဲ့လိုပဲ ပြော ချင်ပါတယ်နော်” ဟု ပြောသည်။

ထို့အပြင် နိုင်ငံတကာမှ စစ်အာဏာရှင်နှင့် အာဏာရှင်စနစ်ကို သက်ဆိုးရှည်စေမည့် လုပ်ရပ်များကို တွန်းအား ပြောဆိုမှုများ မပြုလုပ်ရန် ဦးအောင်ဆန်းမြင့်က မေတ္တာရပ်ခံသည်။

“ဒီစစ်တပ်ကနေ သက်ဆိုးရှည်စေနိုင်မယ့် နောက်တိုင်းရင်းသားတွေ နောက်ပြည်သူလူထု တစ်ရပ်လုံးက လိုချင် တဲ့ ဖက်ဒရယ် ဒီမိုကရေစီ လမ်းကြောင်းနဲ့ ဝေးကွားစေတဲ့ ၂၀၀၈ ကို အခြေခံပြီးတော့မှ ဆွေးနွေးပွဲတွေ ကျင်းပ မယ့် လုပ်ရပ်တွေကိုတော့ ဆက်ပြီးမှ တွန်းအားမပေးဖို့တော့ ကျနော်တို့တော့ ပြောချင်ပါတယ်လို့နော်” ဟု ဦးဆောင်ဆန်းမြင့်က ဆက်ပြောသည်။

လက်ရှိတွင် ပြည်သူများက စစ်ကောင်စီ၏ ဦးတည်တိုက်ခိုက်မှုများနှင့် လူ့အခွင့်အရေး ချိုးဖောက်မှုများကို ပုံစံ မျိုးစုံဖြင့် ခံနေရကြရသည့်အတွက် အာဆီယံအပါအဝင် နိုင်ငံတကာမှ အာဆီယံ၏ မူ ၅ ချက် အပေါ်တွင် မူတည် ပြီး ငြိမ်းချမ်းရေး တွေ့ဆုံဆွေးနွေးပွဲ ဖြစ်မြောက်အောင် ဖိအားပေး လုပ်ဆောင်မှုများကို ပြန်လည်သုံး သပ်ရန် လို သည်ဟု KNPP က ပြောသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်တပ်က အာဏာသိမ်းလိုက်သည့် တစ်နှစ်ပြည့်နေ့တွင် အာဆီယံ အဖွဲ့ဝင် နိုင်ငံများဖြစ်သည့် စင်္ကာပူနှင့် အင်ဒိုနီးရှားနိုင်ငံများက စစ်ကောင်စီအနေဖြင့် အာဆီယံ ဘုံသဘောတူ ညီချက် ၅ ချက်ကို အကောင်အထည်ဖော်ရာတွင် သိသာထင်ရှားသည့် တိုးတက်မှု မရှိသည့်အတွက် အမြန်ဆုံး အကောင် အထည်ဖော်ရန် ထုတ်ပြန်ချက်ထဲတွင် ထပ်မံတိုက်တွန်းထားသည်ကို တွေ့ရသည်။

တစ်ဖက်တွင်လည်း စစ်ကောင်စီက လာမည့် ဖေဖော်ဝါရီလ ၁၂ ရက်နေ့ ပြည်ထောင်စုနေ့တွင် ထာ၀ရငြိမ်းချမ်း ရေး ဆွေးနွေးပွဲ နှင့် စိန်ရတု ပြည်ထောင်စုနေ့ အခမ်းအနား ပြုလုပ်မည်ဟု ဖေဖော်ဝါရီလ ၆ ရက်နေ့တွင် ထုတ် ပြန်ထားသည်။

ထိုအခမ်းအနားတွင် ငြိမ်းချမ်းရေး ဆွေးနွေးရန် NCA အပစ်ရပ်ထားသည့် အဖွဲ့အစည်းများနှင့် အပစ်မရပ် ထား သည့် အဖွဲ့အစည်းများကို ဖိတ်ခေါ်ထားသော်လည်း ၎င်းတို့ဖက်က အကြမ်းဖက်အဖွဲ့အစည်းဟု သတ်မှတ်ထား သည့် NUG၊ CRPH နှင့် PDF တို့ကို တွေ့ဆုံဆွေးနွေးမည်မဟုတ် ဟု ဆိုသည်။

KNU နိုင်ငံခြားရေး ဌာန တာဝန်ခံ ပဒိုစောတောနီးက “ဒါသူတို့က ခွဲပြီးလုပ်တယ်ဆိုတာက ဒါကတော့ လုံး၀စိတ် ထဲမှာ မရှင်းဘူးလေ။ ဘယ်လိုပြောမလဲ မရိုးမဖြောင့်ဘူးဆိုတာ ပြသနေတာပဲလေ။ တစ်ဖွဲ့ကို အကြမ်းဖက်လို့ ခေါ်ပြီးတော့ တဖက်ကို တခြားတစ်ဖွဲ့ကို တစ်မျိုးနဲ့ ဆက်ဆံတဲ့ အနေအထား အခု ကျနော်တို့မှာ NUCC ထဲမှာ ဒီအဖွဲ့တွေ အားလုံးပါတယ်လေ။ ဆိုတော့ ကျနော်တို့ ဘယ်လိုပြီးတော့ သွားပြီးတော့ ခွဲခြားပြီး လုပ်တော့မှာ လဲ။ ကျနော်တို့ဖက်မှာလည်း ကျနော်တို့ သံဓိဌာန်ချထားပြီး ဆက်တွန်းဖို့ပဲရှိတော့တယ်” ဟု ပြောသည်။

စစ်ကောင်စီဖက်မှ ယခုလထဲတွင်လုပ်မည့် ထာ၀ရငြိမ်းချမ်းရေး ဆွေးနွေးပွဲသည့် ၎င်းတို့ကြုံတွေ့နေရသည့် အကြပ်အတည်းများကို ဖြေရှင်းရန် သက်သက်သာဖြစ်သည် ဟု ဆက်ပြောသည်။

“အဲဒါကြောင့်မို့ သူတို့ ဘာပဲ လုပ်လုပ် အခုကတော့ အားကိုးရာ ကောက်ရိုးတစ်မျှင်လိုပဲ ကျနော်တို့ သဘောရ တယ်။ ဘာဖြစ်လို့လဲဆိုတော့ တစ်နှစ်ကျော်လာတဲ့အခါမှာ ဒီတိုင်းပြည်ကို သူတို့ ဘယ်လိုမှ ထိန်းသိမ်းလို့ မရဘူး ဆိုတာ ရှင်းနေပြီလေ။ အကုန်လုံးက ကမောက်ကမ ကပြောင်းကပြန် နောက်ပြီးတော့ ဒီဟာက ပျက်စီးကိန်းကို ရောက်နေတာ ရှင်းနေတာပဲ။ အဲဒါ သူတို့ဘာလုပ်လုပ် ဘာမှ မအောင်မြင်ဘူးဆိုတာ ကျနော်ပြောရဲပါတယ်” ဟု ပဒိုစောတောနီး က ဆက်ပြောသည်။

ထိုသို့ အာဆီယံနှင့် နိုင်ငံတကာက တိုက်တွန်းပြောဆိုနေသော်လည်း စစ်ကောင်စီဖက်က အာဆီယံ သဘောတူ ညီချက်များကို အကောင်အထည် မဖော်နိုင်သေးသည့်တစ်ဖက်တွင် အာဏာသိမ်းမှုကို ဆန့်ကျင်ပြီးပေါက်ပွား လာသည့် တော်လှန်ရေး အဖွဲ့အစည်းများ၊ တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့များကလည်း စစ် ကောင်စီကို တွေ့ဆုံဆွေးနွေးမည် မဟုတ်ပဲ စစ်အာဏာရှင်နှင့် အာဏာရှင်စနစ် မှန်သမျှကို အမြစ်ပြတ်အောင် တော်လှန် တိုက်ပွဲဝင်သွားကြမည်ဟု ဆိုကြသည်။

ဓါတ်ပုံ – Asean Secretariat