ပုသိမ်တွင် သိမ်းဆည်းဆိုင်ကယ်များကို လိုင်စင်ဝင်ပြီး ရဲက ပြန်ရောင်းစား
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၀ ရက်။
ပုသိမ်တွင် ရဲတပ်ဖွဲ့က နိုင်ငံရေး လှုပ်ရှားသူများထံမှ သိမ်းဆည်းထားသည့် ဆိုင်ကယ်များကို လိုင်စင်လျောက်ကာ ပြန်ရောင်းစားနေသည်ဟု ရဲဝန်ထမ်းတချို့က ပြောပြသည်။
အာဏာသိမ်းမှုကို ဆန့်ကျင်သည့် နိုင်ငံရေး လှုပ်ရှားသူများ ဖမ်းဆီးခံရစဉ်က အတူပါလာသည့် ဆိုင်ကယ်များကို ရဲအချို့ နှင့် ပုသိမ်မြို့ရှိ ကုန်လမ်း သယ်ယူ ပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန (ကညန)ရုံးဝန်ထမ်းများက ပူးပေါင်းကာ လိုင်စင်ဝင်ပြီး ရောင်းစားနေခြင်း ဖြစ်သည်ဟု ကညန ရုံးဝန်ထမ်း အချို့နှင့် ရဲဝန်ထမ်းဟောင်းအချို့က ဖေဖော်ဝါရီလ ၈ ရက်နေ့တွင် ပြောသည်။
“လူကိုဖမ်းတယ် ဆိုင်ကယ်ကိုတော့ သိမ်းဆည်းတဲ့ သက်သေခံပစ္စည်းမှာ ထည့်မထားဘူး။ ပြီးတော့ (ကညန) ဝန်ထမ်းနဲ့ပေါင်းပြီး လိုင်စင်ဝင်တယ် ပြန်ရောင်းကြတယ်” ဟု ဆိုင်ကယ် ပွဲစားတန်း နှင့် နီးစပ်သူတစ်ဦးက ပြောသည်။
ဆိုင်ကယ်ပွဲစားတန်းတွင် ပြန်ရောင်းစားနေသူများသည် အရပ်ဝတ်ဖြင့် ရဲများ ဖြစ်သည်ဟု ဆိုကြသည်။
ထို့အပြင် “လိုင်စင် တစ်ကြိမ်ဝင်ရင် ဆိုင်ကယ် ၁၀ စီး အနည်းဆုံးလာဝင်လေ့ ရှိပြီး ဆိုင်ကယ်ကို အရပ်ဝတ် ဝတ်ထားတဲ့ ရဲတွေက ကိုယ်တိုင်စီးလာကာ လိုင်စင်ရရင် ဆိုင်ကယ် ပွဲစားတွေက တဆင့် ရောင်းပေးနေတာ” ဟု ရဲဝန်ထမ်းဟောင်းတစ်ဦး က ပြောသည်။
ပုသိမ်မြို့တွင် ပိတ်ဆို့ စစ်ဆေးမှုများ၌ အဖမ်းခံရသူအချို့ ငွေပေး၍ ပြန်လွတ်လာကြသော်လည်း ဖမ်းဆီးခံရစဉ် က သိမ်းဆည်းခံလိုက်ရသည့် ဖုန်း၊ မော်တော်ဆိုင်ကယ်နှင့် ငွေကြေးများ ပြန်မရသူ အချို့လည်းရှိသည် ဟု အဖမ်းခံရသူများ၏ မိသားစုနှင့် နီးစပ်သူ အချို့ထံမှ သိရသည်။
တရားလွှတ်တော် ရှေ့နေတစ်ဦးက “ဖမ်းဆီးတဲ့ အချိန်က သိမ်းဆည်းတဲ့ ပစ္စည်းတွေ အားလုံးကို တရားရုံးမှာ တင်ပြရမှာပါ။ ဘယ်သူကမှ ရောင်းစားလို့မရဘူး” ဟု ထောက်ပြ ပြောဆိုသည်။
ပြီးခဲ့သည့် ဇန္နဝါရီလ ၂၆ ရက်နေ့က မအူပင်မြို့မ ရဲစခန်း မှ ရဲအုပ်ဝင်းမြင့်က နိုင်ငံရေးပုဒ်မဖြင့် ဖမ်းဆီးခံခဲ့ရသူ တစ်ဦးထံမှ သိမ်းယူထားသည့် ကားတစ်စီးကို ကိုယ်တိုင်စီးနင်းစဉ် တိမ်းမှောက်မှု ဖြစ်ပွားခဲ့သေးသည် ဟု မြို့ခံများက ပြောသည်။
စစ်တပ်က အာဏာသိမ်းပြီးချိန်မှ စတင်၍ ၂၀၂၂ ခုနှစ် ဇန္နဝါရီ လကုန်အထိ ပုသိမ်မြို့မ ရဲစခန်း၊ ပုသိမ် နယ်မြေ ရဲစခန်း နှင့် သင်္ဘောကျဉ်းနယ်မြေ ရဲစခန်းတို့က ဖမ်းဆီးသိမ်းယူထားသည့် မော်တော်ဆိုင်ကယ် အစီးရေ ၁၀၀ ကျော်ရှိသည်ဟု ရဲတပ်ဖွဲ့နှင့် နီးစပ်သူများ၏ ပြောပြချက်များအရ သိရသည်။