ကချင် စစ်ရှောင်စခန်း အချို့ စားနပ်ရိက္ခာ ပြတ်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၀ ရက်။

ကချင်လွတ်လပ်ရေးအဖွဲ့ KIO ထိန်းချုပ်နယ်မြေအတွင်းရှိ စစ်ရှောင်စခန်းများတွင် စားနပ်ရိက္ခာ ပြတ်လပ်သည့် အခက်အခဲများ ကြုံနေရသည်ဟု စစ်ရှောင်များက ပြောသည်။

ဝိုင်းမော်မြို့နယ် ဆဒုံးခရိုင်အတွင်းရှိ မိုင်တိုင်အမှတ် (၈) စစ်ရှောင်စခန်းသို့ ပုံမှန်ရရှိနေကျ စားနပ်ရိက္ခာများ မရောက်ရှိလာသည့်အတွက် စစ်ရှောင်ပြည်သူများ ဆန်နှင့် အခြားစားနပ်ရိက္ခာ ပြတ်လပ်သည့် အခက်အခဲများနှင့် တွေ့ကြုံနေရသည်ဟု စစ်ရှောင်ပြည်သူများက ပြောသည်။

မိုင်တိုင်အမှတ် (၈) စစ်ရှောင်စခန်းရှိ စစ်ရှောင်များသည် ၂၀၂၁ ခုနှစ် ဒီဇင်ဘာလအထိ လူမှုအဖွဲ့အစည်းများက စားနပ်ရိက္ခာ ထောက်ပံ့ပေးခဲ့ကြသော်လည်း ယခုနှစ် ဇန်နဝါရီလ နှင့် ဖေဖော်ဝါရီလ အတွင်း လစဉ် ရရှိနေကျ စားနပ်ရိက္ခာများ မရရှိသေးဟု စစ်ရှောင်အမျိုးသားတစ်ဦးက ပြောသည်။

“ဒီရိက္ခာနဲ့ ပတ်သက်ပြီးတော့ သူတို့ ဒီ ဂရုဏာကူညီထောက်ပံ့ရေး လူသားချင်း စာနာထောက်ထားရေး အဖွဲ့က နေ ကြည့်နေတာတော့ ဟုတ်ပါတယ်။ ဒါပေမယ့် မနှစ် ၂၀၂၁ ထိ ဒီဇင်ဘာလအထိတော့ သူတို့ ရိက္ခာတွေ ဖြည့် ပေးတာ ကူညီထောက်ပံ့ပေးတာတွေရပါတယ်။ ခံလည်းခံစားရပါတယ်။ အခုဒီဘက်ပိုင်းမှာကျတော့ သူတို့ရဲ့ Project လည်း ရှိသေးတယ်ဆိုတာကြောင့် ဒီ ၂၀၂၂ ဇန်နဝါရီနဲ့ မတ်လ အထိ သူတို့ကြည့်အုံးမယ်လို့ ပြောတယ်။ ဒါပေမယ့် သူတို့က ဒီနှစ်လ ဇန်နဝါရီနဲ့ ဖေဖော်ဝါရီကြားမှာ ရိက္ခာမပို့နိုင်သေးတာတွေဖြစ်လို့ ကျနော်တို့ ဒီမှာ နေ နေတဲ့ ဒေသခံတွေ ပြည်သူလူထုတွေက နည်းနည်းစားနပ်ရိက္ခာ ခက်ခဲလာတာတွေရှိတယ်။ အဲလိုဖြစ်နေ တယ်။”

ထို့ကြောင့် လတ်တလောတွင် စစ်ရှောင်များ စားနပ်ရိက္ခာ ပြတ်လပ်သည့် အခက်အခဲများနှင့် ကြုံတွေ့နေရသည် ဟု စစ်ရှောင်များက ဆိုသည်။

အကူအညီ ပေးတဲ့အဖွဲ့အစည်း အချို့သည် ကိုဗစ်-၁၉ ကပ်ရောဂါနှင့် လက်ရှိ နိုင်ငံရေးပြဿနာများကြောင့် အကူအညီပေးရေး လုပ်ငန်းစဉ်များ ရှေ့မဆက်နိုင်ပဲ ရပ်တန့်ထားရ အနေအထားမျိုး ဖြစ်နိုင်သည်ဟုလည်း စစ်ရှောင်အချို့က ဆိုသည်။

ကချင်ပြည်နယ်အတွင်း ၂၀၁၁ ခုနှစ်တွင် ပြန်လည်ဖြစ်ပွားလာခဲ့သည့် စစ်တပ်နှင့် ကချင်လွတ်လပ်ရေး တပ်မ တော် KIA တို့အကြားက တိုက်ပွဲများကြောင့် မိုင်တိုင်အမှတ် (၈) စစ်ရှောင်စခန်း ကို ဂရုဏာလူမှုအဖွဲ့အစည်းက စားနပ်ရိက္ခာ ပံ့ပိုးပေးခဲ့ခြင်းဖြစ်သည်။

လူတစ်ဦးလျှင် ဆန် ၆ ပြည်၊ ဆီ ၁ လီတာ၊ ဆား ၁ ထုပ် လစဉ် ထောက်ပံ့ပေးခဲ့သည်မှာ ၂၀၁၁ ခုနှစ်မှ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလအထိဖြစ်သည်။

သို့သော် လတ်တလောအခြေအနေတွင် အလှူရှင်များနှင့် ပြန်လည်ညှိနှိုင်းမှုများ ပြုလုပ်နေရကြခြင်းကြောင့် ရိက္ခာဖြန့်ဝေရေးတွင် နှောင့်နှေးနေရခြင်း ဖြစ်သည်ဟု စခန်းတာဝန်ခံက ပြောသည်။

“ဒါက ကျနော်တို့ ဒီဂရုဏာ ဆရာ ဆရာမတွေပေါ့ ကျနော်တို့ကို ရိက္ခာပံ့ပိုးနေတဲ့ ဆရာ ဆရာမတွေ ပြောတာဘဲ ကျနော်တို့နဲ့ ဖုန်းနဲ့လည်း ဆက်သွယ်ပါတယ်။ ဒါပေမယ့် သူတို့က အခုက ရန်ကုန်က လောပန်း သူတို့ရဲ့ ဘာ ဒိုနာ တွေနဲ့ပေါ့နော် ကောင်းကောင်းမတွေ့ရသေးဘူး။ ငွေလက်ခံလို့မရသေးဘူး ဆိုတဲ့အသံလည်း ကြားပါတယ်။ ပြီးတော့ ဆရာမတွေ အစည်းအဝေးလည်း လုပ်နေတယ်လို့ ပြောတယ် အဲဒါကြောင့် ဒီ တစ်လ နှစ်လအတွင်း ကြားမှာတော့ နည်းနည်း ပြတ်တောက်တာ ဖြစ်ခဲ့တာပေါ့” ဟု ပြောသည်။

လတ်တလော ရိက္ခာပြတ်လပ်မှုအခက်အခဲကို စစ်ရှောင်ပြည်သူများ အချင်းချင်းကြား ရှိနေသည့် စားနပ်ရိက္ခာ အချို့ကိုပဲ မျှဝေစားသောက်ကာ ဖြေရှင်းနေကြရသည်ဟု ဆက်ပြောသည်။

“အခုက လူ၊ အိမ်သူအိမ်သားများတဲ့သူတွေဆီ က နည်းနည်း ကြည့်ပြီးမှ အဲလိုခွဲဝေ၊ မျှစားနေကြတာ ဖြစ်ပါ တယ်။ အရင်ကတော့ ကွက်တိကွက်တိဘဲ ကုန်လာခါနီးတာနဲ့ တစ်ခါတည်း ဝင်လာတာဘဲရှိတယ်။ တအား ပြတ် တောက်တာတွေမရှိခဲ့ပါဘူး ဒီဘက်ပိုင်းမှာဘဲ ဒီလ၊ တစ်လကျော်ပေါ့ ဒီနှစ်လကြားမှာဘဲ ကြုံခဲ့ဖူးတာပါ။”

မိုင်တိုင်အမှတ် (၈) စစ်ရှောင်စခန်း သည် ရွာပေါင်း ၁၅ ရွာ၊ အိမ်ထောင်စု ၁၉၉ အိမ်ထောင်၊ လူဦးရေ ၄၂၃ ဦး ရှိသည့် စခန်းဖြစ်သည်။

အဆိုပါ စစ်ရှောင်စခန်းသည် KIO ထိန်းချုပ်နယ်မြေတွင် ရှိပြီး ဝိုင်းမော်မြို့နယ် ဆဒုံးခရိုင် တရုတ်နယ်စပ်တွင် တည်ရှိ၍ လမ်းပန်းဆက်သွယ်ရေး ခက်ခဲသည့် ဒေသလည်း ဖြစ်သည်။

ဓါတ်ပုံ – Simsa Kasa Multimedia